၂၇. ၅. ၂၀၂၃

Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာနေ ကျောင်းဆရာမနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား လုယက်သူများမှ ဆွဲကြိုးဖြတ်လုယက်သဖြင့် ဆိုင်ကယ်မှောက်ကာ တစ်ဦးသေဆုံးမှု ယမန်နေ့ မေလ ၂၆ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ မဝတ်ရည်ဝင်းနှင့် မဝေဟင်ဝင်းတို့ နှစ်ဦးသည် တောင်ငူမြို့မှ ကလေးကျောင်းသုံးပစ္စည်းများဝယ်ယူ၍ ပြန်လာစဉ် အင်ဒိုင်းကျေးရွာထိပ်နားအရောက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ အနောက်မှ အမျိုးသား၂ ဦး စီးနင်းလာသောဆိုင်ကယ်တစ်စီး ရုတ်တရက်ကပ်လာပြီး နောက်မှထိုင်လိုက်လာသည့် မဝေဟင်ဝင်း​၏ ဆွဲကြိုးအား ဖြတ်ပြေးစဉ် မဝတ်ရည်ဝင်း မောင်းသောဆိုင်ကယ် တိမ်းမှောက်ရာ မဝတ်ရည်ဝင်းမှာ ဦးခေါင်းထိခိုက် သတိလစ် (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး ၊ မဝေဟင်ဝင်းမှာ ယာဘက်ပါးပြင် စုတ်ပြဲဒဏ်ရာများရ(မစိုးရိမ်ရ) ရရှိသဖြင့် အခင်းဖြစ်အရပ်မှ တောင်ငူဆေးရုံကြီးသို့ ရင်ခုန်သံ ရှင်/ကူ ယာဉ်ဖြင့် အရေးပေါ် အချိန်မီကူညီပို့ဆောင်ပေးခဲ့သော်လည်း မဝတ်ရည်ဝင်းမှာ ရရှိထားသော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ရင်ခုန်သံရှင်ရေးကူညီမှုအသင်းသည် အုတ်တွင်းမြို့နယ်အခြေစိုက်ကာ ဆရာတော် ဦးတေဇသီရိ ဦးဆောင်ကူညီနေသော ပရဟိတအဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ယခု ဖြစ်ရပ်တွင် ဆရာတော် ဦတေဇသီရိမှ”သက်ဆိုင်ရာတာဝန်ရှိသူများ မိမိတို့မြို့နယ်အတွင်း လောင်းကစားဝိုင်းများရဲ့ ဆိုးကျိုးများကို ကြားသိနိင်ကြပါစေ။ တရားဝင်လို ဟိုနားဖွင့်လိုက်၊ ဒီနားဖွင့်လိုက်က ကြာလာတော့လည်း မြို့နယ် နာကျင်နေကြရပါပြီ။ လုယက်သွားသူများ ယခုသေဆုံးသူမိသားစုရဲ့သောကတွေကို ခံစားသိနိုင်ပါစေ။ မိမိအနေနဲ့ သုံးသပ်ချက်ရေးမိပေမယ့် သေဆုံးသူများကို မသိ/မရင်းနှီးပါ။ စာနာစိတ်ဖြင့်သာ အမုန်းခံရေးသည်”ဟု အသင်း၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားမျှဝေထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *