April 18, 2024

MT News

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ ယမန်နေ့ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်ကြောင်း MT News သတင်းဌာနက စုံစမ်းသိရသည်။

နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီးကို ၁၉၂၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ရဘဲရွာတွင် ဖခမည်းတော်ဦးဘိုးသစ်နှင့် မယ်တော်ဒေါ်အေးသိုက်တို့က မွေးဖွားသန့်စင်ခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ ရှိနေပြီဖြစ်သည်။ မွေးချင်းရှစ်ယောက်ရှိရာတွင် စတုတ္ထမြောက်သားရတနာဖြစ်ပြီး ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်သည်။

ဆရာတော်ဘုရားကြီးသည် ၁၃၀၅-ခုနှစ်၊ ဝါဆိုလဆန်း(၁၀)ရက်၊ တနင်္ဂနွေနေ့၊ ဆင်မင်းရွာကျောင်း ဆရာတော်ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက် ၁၃၁၀ ပြည့်နှစ်၊ တပို့တွဲလဆန်း၁၀ ရက်၊ တနင်္လာနေ့ နံနက်(၉)နာရီအချိန်တွင် ရဘဲရွာ၊ ကံမြဲကျောင်း ဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ပစ္စယာနုဂ္ဂဟကို ခံယူကာ တောင်သာမြို့နယ်၊ ရဘဲရွာကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ဗန်းမော်ဆရာတော်ဘုရားကြီးသည် ပထမငယ်တန်းကို ၁၃၀၈ ခုနှစ်၊ ပထမလတ်တန်းကို ၁၃၀၉ ခုနှစ်၊ ပထမကြီးတန်းကို ၁၃၁၀ ပြည့်နှစ်တွင် အောင်မြင်တော်မူခဲ့ပြီး၊ ၁၃၁၄ ခုနှစ်တွင် သကျသီဟ သီးခြားစာသင်တန်း၌ နံပါတ်(၁) အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည်။ ၁၃၁၅ ခုနှစ်တွင် ဓမ္မာစရိယကျမ်းကြီးသုံးကျမ်းကို နှစ်မခြားပဲ နံပါတ်(၁) အမှတ်အများဆုံးအောင်မြင်၍ ရွှေတံဆိပ် ဦးဆောက်ပန်းပိုင်ရှင် သကျသီဟဓမ္မာစရိယဝဋံသကာဘွဲ့ ရရှိခဲ့သည်။ ယင်း ၁၃၁၅ ခုနှစ်မှာပင် ဓမ္မာစရိယ(၉)ကျမ်းကို ပါဠိဘာသာဖြင့် တစ်နှစ်တည်း အောင်မြင်၍ အစိုးရစာချတန်း သာသနဓဇသိရီပဝရ ဓမ္မာစရိယ ပါဠိသိရောမဏိဘွဲ့ရရှိခဲ့သည်။ ယနေ့အချိန်ထိ မြန်မာတစ်နိုင်ငံလုံး၌ ပါဠိဘာသာဖြင့် ဓမ္မာစရိယ(၉)ကျမ်းကို တစ်နှစ်တည်းအောင်မြင်သူမှာ ဗန်းမော်ဆရာတော်ကြီးတစ်ပါးသာရှိသည်။

ထို့အတူ ၁၃၁၆ ခုနှစ်တွင် ဓမ္မာစရိယဂုဏ်ထူးဖြင့်လည်းကောင်း၊ အဘိဝံသ သုဓမ္မာ ပရိယတ္တိ ဓမ္မာစရိယ စာမေးပွဲတို့ကိုလည်းကောင်း အောင်မြင်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးသည် ဓမ္မစာပေတင်သာမက လောကီစာပေဆိုင်ရာအတန်းစာများကိုလည်း တက်ရောက်သင်ယူခဲ့ပြီး မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

ထို့အတူ ဆရာတော်ဘုရားကြီးသည် သိမ်တောင်သာသနာဝင်ကျမ်း(မြန်မာဘာသာ)၊ နိုင်ငံတော်အစိုးရ၏ လျောက်ထားချက်အရ ပြုစုသော တိပိဋက ပါဠိပဒ ကျမ်းညွှန်း၊ တိပိဋက ပါဠိ+မြန်မာအဘိဓာန် (အ)ဝဂ် (၄)အုပ်၊ မောဂ္ဂလာန် သဒ္ဒါကျမ်းကြီး၏ ပယောဂသိဒ္ဓိ နိဿယ ပထမပိုင်း၊ မောဂ္ဂလာန် သဒ္ဒါကျမ်းကြီး၏ ပယောဂသိဒ္ဓိ နိဿယ ဒုတိယပိုင်း၊ မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားခြင်း ပထမပိုင်း၊ မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားခြင်း ဒုတိယပိုင်း၊ မန္တလေး ရတနာမဉ္စူ ဘုရားသမိုင်း၊ ထေရီ အပဒါနဒီပနီ (ပါဠိဘာသာ)၊ တိပိဋကပါရာဇိကဏ် ဝိသဇ္ဇနာကျမ်း (၂၈)နှစ်စာ၊ တိပိဋက ပါစိတ် ဝိသဇ္ဇနာကျမ်း (၂၈)နှစ်စာ၊တိပိဋက မဟာဝါ စူဠဝါ ပရိဝါ ဝိသဇ္ဇနာကျမ်း၊ အောက်ယမိုက်ပါဠိတော် (၅) ကျမ်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခြင်း(ဘဒ္ဒန္တ နာရဒနှင့် ဘဒ္ဒန္တ ကုမာရာဘိဝံသ)၊​အထက်ယမိုက်ပါဠိတော် (၅) ကျမ်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခြင်း၊ ပဋ္ဌာန်းတရားတော်၊ သမ္ဗုဒ္ဓေဂါထာတော်အကြောင်း၊ ပဋ္ဌာန်း(၂၄)ပစ္စည်း ရုပ်ပြစုံ၊ ကမ္မဌာန်းလေးဆယ်အားထုတ်နည်း၊ နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်စဉ် စသည့် ကျမ်းပေါင်းများစွာပြုစုခဲ့သည်။

ဆရာတော်ဘုရားကြီးသည် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်မှစတင်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ စတုတ္တမြောက်ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်တိုင်တိုင် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် သက်တော်ကြီးရင့်လာသော ဗန်းမော်ဆရာတော်ဘုရားကြီးသည် နာမကျန်းမှုကြောင့် ၂၀၂၃ ခုနှစ် မတ်လအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီးသို့ သွားရောက်ကုသမှုခံယူခဲ့ပြီးနောက် ဧပြီလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာကာ မန္တလေးဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်လာ၍ ဗန်းမော်ကျောင်းတိုက်တွင် ပြန်လည်သီတင်းသုံးစဥ် ယမန်နေ့ မေလ ၂၅ ရက် ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံစံလွန်ခဲ့မူခြင်းဖြစ်ပြီး သာသနာတော်အတွက် အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ခဲ့ရသည်။

Photo- Credit

Leave a Reply

Your email address will not be published. Required fields are marked *