April 27, 2024

၂၆. ၅. ၂၀၂၃
Written by Nyein Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်တွင် ရက်အလိုက်ကျောင်းအပ်နှံမှု ပိုမိုများလာ၍ သုံးရက်အတွင်း ကျောင်းအပ်နှံသူ ကလေးငယ် ၈ သန်းခန့်ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ မေလ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၃ ရက်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

ယင်းကဲ့သို့ ဆောင်ရွက်စဥ်အတွင်း အချို့သောကျောင်းများရှိ အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ/ဆရာမများ သင်တန်းတက်‌ရောက်နေရသဖြင့် အဆိုပါကျောင်းများတွင် မူလတန်း ကျောင်းသား/ကျောင်းသူများကိုသာ စတင်ကျောင်းအပ်လက်ခံနိုင်သေးပြီး အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများကို မေလ ၂၅ ရက်မှ ကျောင်းအပ်လက်ခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ စတင်ကျောင်းအပ်နှံသည့် မေလ ၂၃ ရက်တွင် ကျောင်းအပ်နှံသူ ၁,၃၄၃,၀၃၇ ဦး (၁ ဒသမ ၃ သန်းကျော်)သာရှိသော်လည်း မေလ ၂၄ ရက်တွင် ကျောင်းအပ်နှံသူ ၂,၇၅၃,၄၉၂ ( ၂ ဒသမ၇ သန်း) ကျော်နှင့် အခြေခံကျောင်းများတွင် အတန်းပေါင်းစုံကျောင်းအပ်နှံမှုများ ဆောင်ရွက်နိုင်ခဲ့သည့် မေလ ၂၅ ရက်တွင် တစ်ရက်အတွင်း ကျောင်းအပ်နှံသူ ၃,၇၅၃,၄၉၁ (၃ ဒသမ ၈ သန်းကျော်) အထိရှိခဲ့သည်။

ယင်းကဲ့သို့ ရက်အလိုက် ကျောင်းအပ်နှံမှုတိုးတက်လာခဲ့၍ ကျောင်းအပ်နှံရေးသီတင်းပတ် သုံးရက်အတွင်း ကျောင်းအပ်နှံသူစုစုပေါင်း ၇,၈၂၆,၈၅၁ ( ၇ ဒသမ ၈ သန်းကျော်) အထိ ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

အခြေခံပညာ ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြခြင်းဖြစ်သည်။

ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်း အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News