April 24, 2024

၂၆. ၅. ၂၀၂၃
Written by Peya

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသသည် အစာရေမြိုလမ်းကြောင်း ကင်ဆာရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော် မမူမီ ၁ ရက် ၂ ရက်အထိ စကားပြောနိုင်သည့်အပြင် ဆန်ပြုတ်ဆွမ်းလည်း ဘုဉ်းပေးနိုင်ခဲ့ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့် ရဟန်းတော်တစ်ပါးက MT News သတင်းဌာနသို့ မိန့်ကြားသည်။

ဆရာတော်ကြီးသည် မေလ ၂၅ ရက်၊ ညပိုင်း ၁၁ နာရီ ၁၁ မိနစ်အချိန်က မဟာအောင်မြေမြို့နယ်မှ ဗန်းမော်ကျောင်းတိုက်ရှိ ဝိဇ္ဇာစရဏကျောင်းတော်တွင် သတင်းသုံးတော်မူနေစဉ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၇၄ ဝါ ရှိပြီ ဖြစ်သည်။

“ပြန်ပြီးတော့ သက်သာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တော့ တွက်ထားတာပေါ့။ ရောဂါက သုံးခုတောင် တွေ့တာပေါ့။ အစာရေမြိုအပြင် အသည်းမှာလည်း အကြိတ်တွေ့တယ်။ နောက်တစ်ခါ ပန်ကရိယမှာလည်း တွေ့တာ။ ၉၀ ကျော်ဖြစ်လာတဲ့ အနေအထားအတွင်း ဘယ်လောက် ဖြစ်မှန်းမသိဘူးပေါ့။ စသိတာက တပေါင်းလထဲ တစ်နိုင်ငံလုံး ဆရာတော်ကြီးတွေ အစည်းအဝေး သုံးရက် အစည်းအဝေးမှာ ပထမရက်တင်ပဲ ဆရာတော်ကြီး ကိုယ်တိုင်ကြွပြီး ဩဝါဒပေးရတာလေ။ တစ်ရက်ပဲ အစည်းအဝေးတက်ပြီး ဒုတိယရက်ကျတော့ ဆေးရုံတင်လိုက်ရတော့တာ။ အစာနဲ့ ပတ်သက်ပြီးဖြစ်တယ် ကြားတာ။ အမှန်တော့ လည်ချောင်းပဲ။ အစားမာစားလို့ မရလို့ ဆေးရုံတင်လိုက်ရတာ။ အနေအထားက ဒီမှာ စစ်ဆေး။ အဲ့ဒီဟာလည်း တွေ့တယ်။ အသည်းမှာလည်း အကြိတ်က မြန်မာပြည်ထဲက တွေ့တာ။ စီပိုးလည်း တွေ့တယ်။ ဟို (ထိုင်းနိုင်ငံ)မှာ စစ်လိုက်တော့ သုံးခု ဖြစ်သွားတာပေါ့။ အသည်းရယ်၊ ပန်ကရိယရယ်၊ အစာမြိုတဲ့ ပြွန်ရယ်ပေါ့။ လည်ချောင်းက အလုံးကို အသားစယူပြီး စစ်လိုက်တော့ အခြေအနေမကောင်းဘူးဆိုပြီး ပြောတာ။ ဒီအတိုင်း နေနေလည်း မထူးဘူး။ ဟိုမှာ ဖြစ်သွားရင် ပြန်သယ်ရတာလည်း အဆင်မပြေဘူးလေ။ ပြန်ကြွဖို့ စီစဉ်ကြတာ” ဟု အထက်ပါ ရဟန်းတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံသို့ ရောက်သည့် အခါတွင်လည်း ဆရာတော်ဘုရားကြီး အားရှိစေရန်အတွက် ဆေးသွင်းခြင်းမျိုးကို ပြုလုပ်ပေးခဲ့ခြင်း၊ အားရှိသော အစာအာဟာရများကို ဆက်ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကာ မန္တလေးက ဆေးရုံတွင်လည်း အနားယူခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

“ဆရာတော်ကြီးက သာမန်ဆရာတော်တွေလို မဟုတ်ဘူး။ အကျင့်စရဏ အားကောင်းတဲ့သူ ဖြစ်တော့ ပျံလွန်မမူခင် တစ်ရက်၊ နှစ်ရက် အထိက စကားလည်း ပြောနိုင်တယ်။ ဘုဉ်းလည်း ဘုဉ်းပေးနိုင်တယ်။ သူ့လက်လေးနဲ့ သူပေါ့နော်။ ဆရာတော်ကြီး တစ်ဘဝတော့ ဇာတ်သိမ်းသွားတယ်ပေါ့နော်။ သံဝေဂတော့ ဖြစ်မိတာပေါ့ဗျာ။ အနှေးနဲ့ အမြန် ဖြစ်မှာတော့ ဖြစ်မှာပါပဲ။ ပြန်တော့ မကောင်းနိုင်ဘူးပေါ့။ ဦးဇင်းတို့ကတော့ သိနေတာပေါ့” ဟု အထက်ပါ ရဟန်းတော်က မိန့်ကြားသည်။

ကျန်းမာရေးအရ ဗန်းမော်ကျောင်းတိုက်တွင် အနားယူတော်မူနေသည့် ဗန်းမော်ဆရာတော်ကြီးထံ မေလ ၁၀ ရက်တွင် သီတဂူဆရာတော်ကြီးက လာရောက် ဂါရဝပြုခဲ့သည်။ ဗန်းမော် ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ကျောင်းတိုက်၌ သီတင်းသုံးခဲ့ကာ မန္တလေးပြည်သူဆေးရုံကြီး သီးသန့်ခန်းတွင်လည်း အနားယူခဲ့သေးပြီး ထိုသို့ အနားယူနေစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း လာရောက်ဖူးမြော်ခဲ့ကာ ဧပြီလ ၃၀ ရက် ညနေပိုင်း ၅ နာရီအချိန်တွင် ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်သီတင်းသုံးခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *