April 20, 2024

◾ မြို့၏ ဌာနဆိုင်ရာသုံးနေရာကို ဝင်ပစ်ခတ်ခြင်းဖြစ်ပြီး PDF များလည်း ဒဏ်ရာရကာ လက်ရှိတွင် လေးဦးထက်မနည်း ဖမ်းဆီးထား

၂၆. ၅. ၂၀၂၃

Written by Nay Moe

လောင်းလုံးမြို့နယ် လဝကရုံးမှ ဒုမြို့နယ်လဝကမှူးဦးသိန်းမင်းလတ် သေဆုံးစေသည့် လဝကရုံးပစ်ခတ်မှုကို ထားဝယ် PDF သုံးဖွဲ့ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုတွင် ထားဝယ် PDF များက မြို့၏ ဌာနဆိုင်ရာသုံးနေရာကို ဝင်ပစ်ခတ်ခြင်းဖြစ်ကာ PDF များလည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ထားဝယ် PDF များနှင့် ပတ်သက်ဆက်နွှယ်ဖွယ်ရှိသူလေးဦးထက်မနည်း ဖမ်းဆီးထားကြောင်းလည်း သိရသည်။

ဖြစ်စဥ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်လုံးမြို့ရှိ လဝကရုံး၊ စရဖရုံးနှင့် လောင်းလုံးမြို့မရဲစခန်းအား ၂၀၂၃ ခုနှစ် မေလ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် ထားဝယ်နဂါးတပ်ခွဲ(၁)၊ Guerrilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့) နှင့် ထားဝယ်နဂါးတပ်ခွဲ (၅)တို့ ပူးပေါင်းကာ ”နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး” တစ်ရပ်အဖြစ် တစ်ပြိုင်နက်တည်း အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မြို့နယ် လဝကရုံးအား PDF ၁၁ ဦးက ပစ်ခတ်စီးနင်းဝင်ရောက်ခဲ့ချိန်တွင် လဝက မြို့နယ်ဦးစီးမှူးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး လဝက ဒု-ဦးစီး ဦးသိန်းမင်းလတ်ကို ပြတင်းပေါက်မှ ခုန်ထွက်ရန်ကြိုးစားနေချိန်တွင် PDF ဆယ်ဦးက သေနတ်ဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့မှုကြောင့် ဦးသိန်းမင်းလတ်မှာ နေရာတွင်ပင် ကျည်ထိမှန်ဒဏ်ရာများစွာနှင့် သေဆုံးခဲ့ရသည်။

ထို့ပြင် စရဖရုံးနှင့် လောင်းလုံးမြို့မရဲစခန်းအား ချဉ်းကပ်ဝင်ရောက်ပစ်ခတ်ချိန်တွင် လောင်းလုံးမြို့မရဲစခန်းကို ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်ရာထိမှန်ခဲ့သည်။ လက်နက်ရှိသော ထိုရုံးနှစ်ရုံးတွင်မူ ကနဦးအပြန်အလှန်ပစ်ခတ်သော်လည်း PDF များ ထွက်ပြေးခဲ့ရသလို PDF တစ်ဦးကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုဖြစ်စဥ်အပြီးတွင် လုံခြုံရေးတပ်ဖွဲ့များက မြို့အနှံ့လိုက်ပါစစ်ဆေးခဲ့ပြီး ထားဝယ် PDF များနှင့် ပတ်သက်ဆက်နွှယ်ဖွယ်ရှိသူ လေးဦးထက်မနည်း စစ်ဆေးနိုင်ရန်အလို့ငှာ ဖမ်းဆီးခံထားရကြောင်းလည်း ကနဦး သိရသည်။

ထားဝယ် PDF များက ပစ်ခတ်သတ်ဖြတ်ခဲ့သူ နိုင်ငံဝန်ထမ်းဦးသိန်းမင်းလတ်ကိုမူ မေလ ၂၅ ရက်က သင်္ဂြိုလ်ခဲ့ပြီး မေ ၂၉ ရက်တွင် ရက်လည်ဆွမ်းသွပ်တရားနာမည်ဖြစ်ကာ ဦးသိန်းမင်းလတ်မှာ ကွယ်လွန်ချိန်တွင် အသက် ၄၅ နှစ်ရှိနေပြီဖြစ်ပြီး ဇနီးသည်နှင့် သားငယ်၊ သမီးငယ်သုံးဦး ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News