March 28, 2024

ဆာမွတ်ပရာခန်ပြည်နယ်အတွင်း ဖရာဆာမွတ်ချီဒီ ခရိုင်ရှိ Yaowarat Krungthep ရွှေဆိုင်အား ဓားပြတိုက်မှုကို ရဲတပ်ဖွဲ့ကစစ်ဆေးနေစဉ်။ ပုံတွင် ဓားပြတိုက်သူ၏ ဆိုင်ကယ်ကိုလည်း တွေ့ရသည်။

လုယက်တရားခံများ ချက်ခြင်းဖမ်းမိခဲ့ပြီး တစ်ဦးမှာ ပစ်ခတ်ဖမ်းဆီးခံရ

၂၅.၅.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် သီးခြားရွှေဆိုင်နှစ်ဆိုင်မှ ရွှေထည်ပစ္စည်းများ ဘတ်ငွေခုနှစ်သန်းကျော်ဖိုးအား မေလ ၂၄ ရက် တစ်ရက်တည်း၌ လုယူဓားပြတိုက်ရန် ကြိုးစားမှုနှစ်ခုတွင် ပါဝင်ပတ်သက်သူနှစ်ဦးအား ရဲတပ်ဖွဲ့ က ချက်ခြင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပထမဖြစ်ရပ်တွင် ဘန်ကောက်မြို့နေ အသက် ၃၅ နှစ်ရှိ ဘတ်ပီယာ ဘန်တုန်လန်ဆိုသူက ဆာမွတ်ပရာခန်ပြည်နယ်အတွင်း ဖရာဆာမွတ်ချီဒီခရိုင်ရှိ Yaowarat Krungthep ရွှေဆိုင်သို့မွန်းလွဲ ၁ နာရီ ၄၀ တွင် ဝင်လာခဲ့သည်။ ၎င်းက ဝယ်ယူသူတစ်ဦးအနေဖြင့်ဟန်ဆောင်ကာ ရွှေဆွဲကြိုးများနှင့် အခြားရွှေထည်များပြသထားရာ ဆိုင်အတွင်းဘက်သို့ ဝင်ရောက်နိုင်ရေး လုံခြုံရေးတံခါးဖွင့်ပေးရန်ဆိုင်ရှင်အား ပြောပေးရန် ဆိုင်မန်နေဂျာကိုထိန်းချုပ်ပြောကြားခဲ့သည်။ဆိုင်အတွင်းဘက်သို့ရောက်လျှင် ၎င်းက ၉ မမ ပစ္စတိုတစ်လက်အားဝှေ့ယမ်းကာ ဆိုင်ဝန်ထမ်းများအား ၎င်းပါလာသောအိတ်အတွင်း ရွှေထည်ပစ္စည်းများကိုထည့်ပေးရန်အမိန့်ပေးခဲ့သည်။

သို့သော် ဘတ်ပီယာမှာ ၎င်းအနေဖြင့် ဆိုင်အတွင်းခန်းအတွင်း ပိတ်မိနေပြီဖြစ်ကြောင်းသဘောပေါက်ခဲ့သည်။ထို့နောက် ၎င်းက အဝေးမှထိန်းချုပ်နိုင်သော မှန်တံခါးကို ပစ္စတိုဖြင့် အချက်ပေါင်းများစွာပစ်ကာချိုးဖျက်၍ ထွက်ပြေးခဲ့သည်။ ထိုအချိန်တွင် ကင်းလှည့်လာသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ထိုနေရာသို့ ရောက်ရှိလာ၍ အဖြစ်အပျက်ကိုတွေ့မြင်ခဲ့ကြရာ ဆိုင်ကယ်ဖြင့်ထွက်ပြေးရန်ပြင်နေသော ဘတ်ပီယာအား ပစ်ခတ်ဖမ်းဆီးခဲ့ကြသည်။

ထို့ပစ်ခတ်မှုတွင် ဘတ်ပီယာမှာလည်ပင်းဒဏ်ရာတစ်ချက်ရ၍ ထွက်မပြေးနိုင်တော့ဘဲ ဘတ်ငွေ ငါးသန်းကျော်ဖိုးရှိ ရွှေထည်များနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဆေးရုံသို့အရေးပေါ်တင်ပို့ခဲ့ရကြောင်းလည်း ရဲတပ်ဖွဲ့ ကပြောခဲ့သည်။

ဒုတိယဖြစ်ရပ်မှာ အသက် ၃၅ နှစ်ရှိ နီသီနန် သာနာဝီရာ ဝါချာရာကူလ်ဆိုသူက ဘန်ကောက်မြို့၊ ဘန်ကေခရိုင်ရှိ Yaowarat Krungthep ရွှေဆိုင်၏ အခြားဆိုင်ခွဲတစ်ခုသို့ မေလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဓားပြတိုက်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ နီသီနန်က သေနတ်တစ်လက်ကိုင်၍ ဘတ်ငွေ ၂ ဒသမ ၄ သန်းဖိုးခန့်ရှိသော ရွှေဆွဲကြိုး ၆၀ အား လုယက်ကာ ဆိုင်အတွင်းမှ ကားတစ်စီးဖြင့်ထွက်ပြေးခဲ့သည်။ ထို့နောက် ဘန်ဘူတုံခရိုင်ရှိ ၎င်း၏အိမ်သို့ပြန်လည်ရောက်ရှိချိန် နောက်ယောင်ခံလိုက်လာသော ရဲတပ်ဖွဲ့ကလည်း ထိုအိမ်၌ပင် ၎င်းကို ဖမ်းမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရာ နီသီနန်က ၎င်းမှာအလုပ်လက်မဲ့ဖြစ်နေ၍ ယခုကဲ့သို့ ဓားပြတိုက်လုယက်မိခြင်းဟုဝန်ခံခဲ့ပြီး ၎င်းမှာ ယခင်က လုံခြုံရေးအစောင့်တစ်ဦးလုပ်ခဲ့ဖူးသည်ဟုလည်း ပြောခဲ့သည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *