၂၅. ၅. ၂၀၂၃
Written by Pan Ei

အသက် ၃၆ နှစ်အရွယ် Jamie McDonald လို့ အမည်ရတဲ့ ဗြိတိန်အမျိုးသားဟာ တရုတ်နိုင်ငံ မဟာတံတိုင်းကနေ စတင်ကာ ခရီးထွက်ခဲ့ပြီး ၇ ရက်အကြာမှာ မက္ကဆီကိုနိုင်ငံ Chichén Itzá ကို လည်ပတ်ခဲ့သလို နောက် ၇ ရက်အတွင်း ကမ္ဘာ့အံ့ဖွယ် ခုနှစ်နေရာကို အလျင်မြန်ဆုံး သွားရောက်လည်ပတ်ခဲ့တာကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။

စွန့်စားခရီးသွားလာသူ Jamie McDonald ရဲ့ခရီးစဉ်ဟာ တရုတ်နိုင်ငံ မဟာတံတိုင်းမှာ စတင်ခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ တချ့်မဟာ၊ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ သမိုင်းဝင် ပတ္ထရာမြို့၊ ရောမမြို့မှာရှိတဲ့ Colosseum ပွဲကြည့်စင်၊ ဘရာဇီးနိုင်ငံမှာရှိတဲ့ Christ the Redeemer ရုပ်တု၊ ပီရူးနိုင်ငံ တောင်ပိုင်းရှိ Machu Pichu နဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုနိုင်ငံ Yucatán ကျွန်းဆွယ်ရှိ ရှေးဟောင်းနေရာ Chichén Itzá ကို သွားရောက်လည်ပတ်ခဲ့ပြီး အဆိုပါ ၇ နေရာကို လည်ပတ်ချိန်ဟာ ၆ ရက်၊ ၁၆ နာရီနဲ့ ၁၄ မိနစ် ကြာမြင့်ခဲ့ပါတယ်။

သူဟာ တိုက်ကြီးလေးခုကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး နိုင်ငံ ၉ နိုင်ငံကို ဆင်းသက်ခဲ့ကာ လေယာဉ် ၁၃ စင်း၊ တက္ကစီ ၁၆ စီး၊ ဘတ်စ်ကား ၉ စီး၊ ရထား ၄ စင်းနဲ့ နှင်းလျှောစီးယာဉ်တစ်စီးတို့ကို အသုံးပြုခဲ့ပါတယ်။

ရှားပါးကျောရိုးအခြေအနေနဲ့ မွေးဖွားလာခဲ့တဲ့ McDonald ဟာ သူ့ရဲ့ ပရဟိတလုပ်ငန်းဖြစ်တဲ့ Superhero Foundation အတွက် စွန့်စားခရီးကတစ်ဆင့် ငွေကြေးရှာဖွေနေတာဖြစ်ပြီး ခရီးသွားကုမ္ပဏီ Travelport က သူ့ခရီးစဉ်အတွက် ကူညီပေးခဲ့ပါတယ်။

သူဟာ မာရသွန်ပြိုင်ပွဲပေါင်း ၂၁၀ နဲ့ညီမျှတဲ့ အကွာအဝေးကို အမေရိကတစ်ခွင်မှာ တစ်ကိုယ်တော်ပြေးတာတွေလည်းလုပ်ခဲ့ပြီး ထိုင်းနိုင်ငံကနေ ဗြိတိန်နိုင်ငံကို ကီလိုမီတာပေါင်း ၂၂,၀၀၀ စက်ဘီးစီးခဲ့ဖူးတဲ့ McDonald က အခုခရီးစဉ်ဟာ သူ့အတွက် အရှုပ်ထွေးဆုံးခရီးစဉ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

McDonald အနေနဲ့ ခရီးသွားလာမှုမှာ တွေ့ကြုံရတတ်တဲ့ ရာသီဥတုအခြေအနေတွေ၊ နှောင့်နှေးမှုတွေ၊ နေရာတစ်နေရာရဲ့ ဓလေ့ထုံးစံတွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ စတဲ့အရာတွေကိုလည်း ကြုံတွေ့ခဲ့ရပြီး “ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားတဲ့အခါ၊ အမြန်နှုန်းနဲ့ သွက်လက်မှုဟာ အဓိကကျပါတယ်။ ဒါတွေအားလုံးကို ဖြစ်နိုင်အောင် လုပ်ပေးနိုင်တာ Travelport ကလွဲလို့ တခြားလုပ်ဖော်ကိုင်ဘက် မရှိပါဘူး”လို့ McDonald က ပြောကြားခဲ့ပါတယ်။

Ref; Yahoo News

Leave a Reply

Your email address will not be published. Required fields are marked *