April 26, 2024

၂၅. ၅. ၂၀၂၃
Written by Nyein Kyaw

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နယုန်လပြည် မဟာသမယ အခါတော်နေ့နှင့် ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ဘုရားရင်ပြင်တော်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်း တီးခတ်ခြင်းတို့ကို ဇွန် ၂ ရက် (နယုန်လပြည့်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြေညာထားသည်။

လေးဆူဓာတ်ပုံ‌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၁၂ လရာသီပွဲတော်များအနက် (၁၃၈၅ ခုနှစ်၊ နယုန်လပြည့်နေ့) ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်တွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ မဟာသမယအခါတော်နေ့ အခမ်အနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ နေ့ထူးနေ့မြတ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား နံနက်အရုဏ်တက်အချိန် ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ တရားတော်များ နာကြားခြင်းများ၊ ရေစက်သွန်းချအမျှပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

မဟာသမယနေ့ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စ အသင်းများနှင့် ဝန်ထမ်းများက ကပ္ပိလဝတ်နှင့် ကောလိယအုပ်စု (၂)ခုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ျာရစ် လှည့်ပတ်ပူဇော်ပြီး ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ် ရွတ်ဖတ်ပူဇော်သည့် အခမ်းအနားကျင်းပသွာမည်ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်း တီးခတ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရဟန်းရှင်လူ ပြည်သူများ ပါဝင်ကုသိုလ်ပြုနိုင်ပါကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *