April 26, 2024

ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်း

◾️ မိုခါမုန်တိုင်းအလွန် အခြေအနေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းထံ ဆက်သွယ်မေးမြန်းခြင်း

၂၂. ၅. ၂၀၂၃
မေးမြန်း – ပီယ

အလွန့်အလွန်အင်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် တစ်နိုင်ငံလုံးမှာ လူနေအိမ်နဲ့ နိုင်ငံပိုင်အဆောက်အအုံများစွာ ပျက်စီးထိခိုက်တဲ့အထဲမှာ ရခိုင်ပြည်နယ်က အဆိုးဆုံးထိခိုက်ခဲ့တာပါ။ ဒါ့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်က ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေ၊ လက်ရှိ အခက်အခဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းထံ MT News သတင်းဌာနက ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

MT News ◾️ ရခိုင်ပြည်နယ်မှာ ကုန်စျေးနှုန်းတွေ တက်နေတယ်လို့ ဒေသခံတွေရော ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကရော ပြောနေကြတာ ရှိပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ ဘယ်လို ထိန်းသိမ်းပေးသွားဖို့ ရှိပါသလဲ။ ဘယ်လို အခက်အခဲတွေ ရှိခဲ့ပါသလဲ။

ဖြေ ◾️ တချို့ဟာလေးတွေက အွန်လိုင်းမှာ ရေးကြသားကြတာက ရေးတဲ့သူအပေါ်မှာ မူတည်တာပေါ့နော်။ ရေးတဲ့သူက သူမြင်တဲ့ Point of View က အရေးကြီးတယ်။ ကျွန်တော်တို့ ဒီမှာ စစ်ဆေးကြည့်လိုက်တော့ အမျိုးမျိုး ရှိတယ်။ ဥပမာ ပြောင်းပြန်တစ်ခု ပြောပြမယ်နော်။ သွပ်ရိုက်သံကို တစ်ပိဿာကို ရှစ်သောင်းနဲ့ ရောင်းတဲ့သူ တကယ်ရှိတယ်။ အလားတူပဲ အိမ်ရိုက်သံ တစ်ပိဿာကို ရှစ်ထောင်နဲ့ ရောင်းတဲ့သူ ရှိတယ်။ တစ်ပိဿာ ရှစ်ထောင် ရောင်းတဲ့သူကို ဝယ်တဲ့သူက “ဟာ သူများဆီမှာ တစ်ပိဿာကို လေးသောင်းလေ ဘာလို ရှစ်ထောင်နဲ့ ရောင်းသလဲ” လို့ မေးတော့ အဲ့ဒီဆိုင်က ဘာပြန်ပြောသလဲဆို “ဒီအချိန်မှာ ဒီလူတွေဆီက ပိုက်ဆံကို မစားရဲဘူးတဲ့။ မစားချင်ဘူး နဂိုတည်းက ရောင်းတဲ့အတိုင်း ရောင်းမယ်။ မရှိရင်မရောင်းဘူး”ပေါ့နော်။ အဲ့ဒီလို လူတွေလည်း ရှိတယ်။ စျေးတွေ မြင့်နေတယ်ဆိုတာက အကုန်လုံး ညှိပြီးတော့ စျေးတွေ တင်ပြီး ရောင်းကြတာ မဟုတ်ဘူး။ ဝိသမသမားတွေလည်း ရှိတယ်။ မှန်မှန်ကန်ကန် လုပ်တဲ့သူတွေလည်း ရှိတယ်။ အဲ့ဒီအပိုင်းကတော့ အခုက ကျော်လာပြီ။ ၁၄ ရက်မှာ မုန်တိုင်းတိုက်တယ်။ ၁၅ ရက်က စစ်တွေမှာ သွားလာရေးကော ဆက်သွယ်ရေးကော ပြတ်သွားတယ်။ စစ်တွေမြို့ဆိုတာက အစိုးရရုံးစိုက်တယ်။ အစိုးရက စီမံခန့်ခွဲရမယ်။ အစိုးရက ကိုင်ရမယ်။ အစိုးရက ဖြန့်ဝေရမယ်။ ဒီလိုလုပ်ရမှာ။ စစ်တွေမြို့ရဲ့ အပျက်အစီးတွေကို ကြည့်လိုက်တော့ အစိုးရ အဆောက်အအုံတွေလည်း ပျက်တာပဲ။ အစိုးရရုံး ပျက်တယ်။ အစိုးရရုံးက သုံးထပ်ရှိတာ အပေါ်ဆုံးမှာ ခေါင်မိုးမရှိဘူး။ ကျွန်တော်တို့က အလယ်ထပ်မှာ Command Post ရှိတယ်။ အစိုးရနဲ့ ပတ်သက်တဲ့ လူကြီးတွေနေတာကလည်း အကုန် လမ်းတွေ ပိတ်သွားတယ်။ သစ်ပင်တွေလဲပြီးတော့ အိမ်ထဲက အိမ်ပြင်ထွက်မရဘူး။ အဲ့ဒီလိုအနေအထားအထိ ဖြစ်သွားတော့ ၁၄ ရက်ပြီးတော့ ၁၅ ရက်မှာ လေဆိပ်ကနေ အစိုးရအဖွဲ့ကို လာတဲ့လမ်း ၂ မိုင်က စစ်တွေမှာ ရှိတဲ့ အင်အားနဲ့ ရှင်းပြီးတယ်။ လေဆိပ်ကနေ နပခ (အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်) သွားလို့ မရဘူး။ ရုပ်မြင်သံကြား တာဝါတိုင်ကြီးကလည်း ကျိုးပြီး လမ်းပိတ်တယ်။ အဲ့ဒါကို လက်တလော ရှင်းဖို့က ဘယ်လိုမှ မတတ်နိုင်ဘူး။ မတတ်နိုင်တော့ ၁၅ ရက်မှာ ပြည်ထောင်စု ဝန်ကြီးချုပ်ရောက်တယ်။ ၁၆ ရက်ကျတော့ အပျက်အစီးတွေကို ရဟတ်ယာဉ် ၂ စီး နဲ့ တောင်ပိုင်း တစ်ဖွဲ့၊ မြောက်ပိုင်း တစ်ဖွဲ့ သွားကြည့်တယ်။ တခါတည်း အလှူငွေတွေ ပေးတယ်။ ၁၇ ရက်၊ ၁၈ ရက် ကျတော့ အင်နဲ့ အားနဲ့ မီးသတ်တွေ ရောက်လာတယ်။ မီးသတ်တွေ ရောက်လာတော့မှ စစ်တွေက လမ်းမကြီးကို ရှင်း အဲ့ဒီလို ရှင်းလိုက်တော့မှ ပစ္စည်းရောက်လို့ရှိရင် ဆတ်ရိုးကျကို ကားသွားလို့ ရမှာ။ အဲ့ဒီလို ဖြစ်သွားတာ။ မပျက်တဲ့ အိမ်လို့လည်း မရှိဘူး။ အနည်းဆုံး သွပ်ပြားလန်တယ်။ ကျန်တဲ့ ဟာတွေက ခေါင်မိုးတွေက ထုပ်တွေ၊ လျှောက်တွေ၊ တန်းတွေ ပါ အကုန်ပါသွားတာ။ ဆိုတော့ အဲ့ဒီလို ဖြစ်သွားတဲ့အတွက် အိမ်တွေမှာ ပထမဆုံး ခေါင်းမိုးမိုးဖို့ တာပေါ်လင်စလိုတယ်။ စစ်တွေက အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးပြီး ဝယ်ကြတယ်။ မူရင်းစျေးနဲ့ ရောင်းတဲ့သူလည်း ရှိတယ်။ ပစ္စည်းတွေ ပြတ်သွားတော့ ခုနကလို ကမောက်ကမလေးလည်း ရှိတယ်။ လတ်တလောမှာ ထိန်းဖို့အစား သယ်ယူပိုဆောင်ရေးနဲ့ ဆက်သွယ်ရေးကို ကျွန်တော်တို့က လုပ်ရတယ်။ လုပ်တော့ အစိုးရအဖွဲ့ရုံးမှာ MPT က ကားတစ်စီး ဆိုက်ထားတယ်။ အဲ့ဒီကားက ဖုန်းလိုင်းနဲ့ပဲ ဆက်လို့ရတယ်။ အခုက ကယ်ဆယ်ရေး ပစ္စည်းတွေ မပြတ်ဘူး။ သစ်တွေ၊ သွပ်တွေ၊ သံတွေ၊ ရေသန့်စက်တွေ အကြီးတွေကော အငယ်တွေကော ရောက်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စနိုင်ပြီ။

MT News ◾️ မုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံခဲ့ရတဲ့ အဓိက မြို့တွေက ဘယ်မြို့တွေလဲ ခင်ဗျာ။ ကူညီနေရတဲ့ အခြေအနေ သိပါရစေ။

ဖြေ ◾️ မုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံခဲ့ရတာက စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း အဲ့ဒီ လေးမြို့ပေါ့။ ဆိုတော့ ကျန်တဲ့မြို့တွေကို ကျွန်တော်တို့က မကြည့်နိုင်သေးဘူး။ အဲ့ဒီမြို့တွေကိုပဲ သောက်ရေ၊ သုံးရေကအစ ထည့်ပေးနေရတယ်။ မနေ့ကမှ စပြီးတော့ ကျန်တဲ့မြို့နယ်တွေကို သင်္ဘောတွေနဲ့ ပို့ရတာ။ ဒီလို ပြန်လည်ထူထောင်ဖို့အတွက် ရုန်းကန်ရတာကို လူတွေက နားမလည်ဘူး။ ကျွန်တော်တို့ ရှင်းပြဖို့ကလည်း တယ်လီဖုန်းလိုင်းမရှိဘူး။ အခုက Ooredoo ရလို့ Ooredoo ကတ်ထည့်ပြီး ဖြေရှင်းပြောပေးနေတာပါ။ အဲ့ဒါကြောင့် စစ်တွေမှာ ကုန်စျေးနှုန်း ကြီးတယ် ဆိုတာက ဝိသမ သမားတွေက အဲ့ဒီလို အမြတ်ထုတ်တာ ရှိတယ်။ တကယ်မှန်တဲ့သူက မူရင်း စျေးနဲ့ရောင်းတာ။ ဒီထက် ဝမ်းနည်းစရာတွေက အများကြီးပဲ။ တောတွေ ရွာတွေမှာ အပျက်အစီးတွေ အများကြီး။ တောရွာအထိ ဆင်းတဲ့အခါ အစိုးရက အဆင့်ဆင့်သွားတာပေါ့နော်။ ခရိုင်တွေကို စုပြီးတော့ ခေါ်လိုက်တယ်။ ခရိုင်က လူတွေကို ကျွန်တော်တို့ ဒီလိုလုပ်မယ်။ ပစ္စည်းတွေကို မြို့နယ်တွေ ဖြန့်ပေါ့။ မြို့နယ်တွေက ရပ်ကျေးကို ပြန်ဖြန့်တယ်။ ရပ်ကျေးကို ပြန်ဖြန့်တဲ့အခါ ရပ်ကျေးက လူတွေ ပစ္စည်းလာယူ ဆိုတာ့ ရပ်ကျေးက လူကလည်း သူ့အိမ်က မရှိဘူး။ ပြိုပျက်နေတယ်။ သူ့ကို ဆက်သွယ်လို့ မရဘူး။ ဖုန်းက မရ၊ လူနဲ့ ဆတ်သားနဲ့ ဆက်သွယ် စုစည်းရတာ အားနည်းမှု ရှိတယ်။ ရွာက အုပ်ချုပ်ရေးမှူးက ရောက်လာပြီ ဆိုပါတော့။ ခင်ဗျားတို့ ရွာက သွပ်ပြားက ဘယ်လောက်ရတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ရွာကို ယူဆိုတော့ အဲ့ဒီဟာကို သယ်ဖို့ မော်တော်မရှိဘူး။ ပစ္စည်းချဖို့ လူလိုတယ်။ ဒီအပိုင်းတွေ အများကြီးပေါ့နော်။ ရွာက လူတွေ ကူပါဆိုတော့လည်း ရွာကလူတွေ အိမ်တွေက ပြားပြားဝပ်နေတယ်။ ဒီလို အခက်အခဲလေးတွေ ရှိနေတယ်။ တစ်ဆင့်ချင်း သွားတော့ အခု ရက်ပိုင်းမှာ ဆက်သွယ်မှုတွေလည်း ရပြီ။ ရွာတွေကို ပစ္စည်းတွေလည်း ရောက်ပြီ။ ဖြန့်ဝေတဲ့ အပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေတယ်။ ရှိတာကို အားဖြည့်နေရတာ ရှိတယ်။

MT News ◾️ မိုခါမုန်တိုင်း အလွန် ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ အဓိက အကျပ်အတည်း တွေ့ရတာက ဘာများ ဖြစ်မလဲ။

ဖြေ ◾️ အဓိက အကျပ်အတည်းရယ်လို့ တစ်ခုတည်း ပြောရခက်တယ်။ ဒီပြဿနာတွေကို ဘယ်လို ရှင်းနေသလဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်တယ်။ နစက အဖွဲ့ဝင်လည်း ဖြစ်တယ်။ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ နှစ်ယောက်က ရုံးထိုင်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ပေါင်းပြီးတော့ လိုအပ်တာတွေ အကုန်လုံး ဖြေရှင်းနေတာ။ ဆိုတော့ အခုကတော့ နည်းနည်း Stable ဖြစ်လာတယ်ပေါ့။ ပြန်လည်ထူထောင်ရေးလုပ်ငန်း အရှိန်အဟုန် ပြန်ရလာပြီ။ လမ်းတွေလည်း အခုမှ ပေါက်လာတာ။ ပုဏ္ဏားကျွန်းနဲ့ စစ်တွေဆိုရင်ကို လမ်းက သွားလို့ မရဘူး။ အဲ့ဒီလို အတိုင်းအတာတွေပေါ့။ အခုဆို သွားလို့ ရလာပြီ။ ကုန်းကြောင်း မရရင် ကျွန်တော်တို့က ရေကြောင်းတွေ၊ တပ်က Navy တွေနဲ့ ပိုပြီး အခုက ချိတ်ဆက်လို့ ရနေပြီ။ အရေးအကြီးဆုံး အပျက်စီး ဆုံးကတော့ စစ်တွေမြို့ တစ်မြို့လုံး တစ်နယ်လုံး ပျက်တယ်။ ရသေ့တောင်ဆို တစ်နယ်လုံး ပျက်တယ်။ ကျောက်တော်မြို့နယ်ထဲမှာ အပျက်အစီး များတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ များတယ်။ အပျက်အစီးအားဖြင့်ဆိုရင် အဆောက်အဦ အနေနဲ့ဆို အရေအတွက် ၁၂ သိန်း လောက် ပျက်တယ်။ အဲ့ဒီလောက် ၁၂ သိန်းလောက် ပျက်တာကို ဘယ်ကနေ စကိုင်မလဲ ဆိုတာကို စဉ်းစားကြည့်လိုက်တော့။ အခုတော့ သင်္ဘောတွေနဲ့ သွပ်ပြားက အချပ်ရေ ၆ သောင်း၊ ၇ သောင်းလောက် ရောက်ပြီလို့ သိရတယ်။ အခုမှ စပြီး လှုပ်ရှားပြီး ဝေရတာပေါ့နော်။ ကျွန်တော်တို့ မူဝါဒက ဘာလဲ ဆိုတော့ နံပတ်တစ် ဇွန်လ ၁ ရက်မှာ ကျောင်းဖွင့်နိုင်ဖို့။ ကျောင်းတွေကလည်း ပျက်တာ အများကြီး။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ ကျရင် ပြည်မမှာ ကျောင်းဖွင့်ပြီးရင် ရခိုင်ပြည်နယ် နောက်ကျ မကျန်ရစ်အောင် လုပ်နေတယ်။ ဖွင့်နိုင်တယ်။ ဖွင့်အောင် မူဝါဒ အားဖြင့် အားစိုက်လုပ်နေတယ်။ နောက် ဆေးရုံတွေ၊ ဆေးခန်းတွေ လည်ပတ်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်တယ်။ ဆေးရုံ ဆေးခန်းအပျက်အစီး အများကြီး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တယ်။ အခု ဆေးရုံ ဆေးခန်းတွေက လူနာတွေကို လက်ခံတယ်။ ဆေးကုတယ်။ ဒါ့အပြင် အထူးကုတွေလည်း ရန်ကုန်ကနေ အားဖြည့်ထားတဲ့အတွက် အခု မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း ဒီဒေသတွေမှာလည်း အထူးကုတွေ အဖွဲ့လိုက် ကုနေတယ်။ နောက် နံပါတ်သုံးကတော့ သာသနိက အဆောက်အအုံတွေပေါ့။ ဒါတွေကလည်း အပျက်အစီးတွေ အများကြီးပဲ။ အဲ့ဒီ သာသနိက အဆောက်အအုံတွေနဲ့ ပတ်သက်ပြီးတော့လည်း လုပ်တာ နှစ်ရက်ရှိပြီ။ အရှိန်အဟုန်လည်း ရလာပြီ။ ဆိုတော့ သာသနိက အဆောက်အအုံတွေမှာလည်း စဉ်းစားကြည့်။ ဘုန်းကြီးကျောင်း ပျက်တယ်။ ဒကာတွေက မကူနိုင်ဘူး။ ဒကာကလည်း အိမ်မရှိဘူး။ ခေါင်မိုး မရှိဘူး။ အခက်အခဲတွေထဲမှာ ဇီးရိုးကနေ စရတော့ အိမ်ခြေအားဖြင့် အများဆုံး ဖြစ်တယ်။ မြို့တော်လည်း ဖြစ်တယ်။ စစ်တွေမှာက အပျက်အစီးကလည်း အများဆုံး ဖြစ်တော့ အစိုးရအဖွဲ့ကလည်း စစ်တွေမှာ ရုံးထိုင်တယ်။ ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေကလည်း ခေါင်မိုးတွေ လန်တယ်။ စုစည်းရတယ်။ တာလပတ်တွေ ထုတ်ပေး၊ တာပေါ်လင်တွေ ထုတ်ပေးပြီး အခုမှ ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေကို စုစည်းပြီး ရုံးပြန်တက်ခိုင်းရတယ်။ အဲ့ဒီလို အဆင့်မျိုးရှိတယ်။ ဒါတွေကို လူတွေ သိချင်မှ သိမှာပေါ့နော်။ လူတွေကတော့ ဖေ့စ်ဘွတ်ခ်ပေါ်  တင်လိုက်တာပေါ့ ငါတို့ဆီ ကယ်ဆယ်ရေး မရောက်သေးဘူး။ ကုန်စျေးနှုန်း ကြီးတယ် သူတို့ အမြင်နဲ့ တင်တာ ဖြစ်တယ်ပေါ့နော်။

MT News ◾️ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *