၂၂. ၅. ၂၀၂၃
Translated by Htwe Ko Tun

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းတွင် ကိုဗစ်-၁၉ ဗိုင်းရပ် ပထမဆုံးအကြိမ် ကူးစက်ခံနေရကြောင်း မေလ ၂၂ ရက် နံနက်တွင် ဆေးစစ်ဆေးချက်အရ တွေ့ရှိရကြောင်း သိရသည်။

၎င်းက ကိုဗစ်-၁၉ ကပ်ရောဂါဆိုး စတင်ဖြစ်ပွားသည်မှစ၍ ဝန်ကြီးချုပ်ထံတွင် ပထမဆုံးဗိုင်းရပ်ကူးစက်ဖြစ်ပွားခြင်းဟုလည်းသိရသည်။ ဝန်ကြီးချုပ် လီရှန်လွန်း က လူမှုကွန်ရက် Facebook စာမျက်နှာတွင် မေလ ၂၂ ရက်က ရေးသားခဲ့ရာ၌ မကြာမီက တောင်အာဖရိကနှင့် ကင်ညာနိုင်ငံများသို့ အလုပ်ခရီးစဉ်များသွားခဲ့ပြီးနောက် မေလ ၂၂ ရက် နံနက်က ဆေးစစ်ဆေးခဲ့ရာတွင် ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်ခံထားရသည်ဟု တွေ့ရှိခဲ့ကြောင်း၊ သို့သော် ၎င်းအနေဖြင့် ယေဘုယျအားဖြင့် ကျန်းမာနေကောင်းလျက်ရှိကြောင်း ဖော်ပြခဲ့သည်။

၎င်းအနေဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြတော့သည့်တိုင်အောင် တစ်ဦးတည်းသီးခြားနေထိုင်ရန် ဆရာဝန်များက အကြံပေးခဲ့ကြောင်းလည်း လီ က ပြောခဲ့သည်။ ဝန်ကြီးချုပ်လီမှာ အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး ၎င်း၏အသက်အရွယ်ကြောင့် ဆရာဝန်များက Paxlovid ဆေးဖြင့် ကုသမှုခံရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။ လီအနေဖြင့် လွန်ခဲ့သော နိုဝင်ဘာလတွင် ၎င်းအတွက် ကိုဗစ်-၁၉ ထပ်လောင်းကာကွယ်ဆေးကို ထိုးနှံမှုခံယူခဲ့သည်။

၎င်းက “ကိုဗစ်ကာကွယ်ဆေးကို နောက်ဆုံးအကြိမ်အထိ ထပ်လောင်းထိုးသွားသင့်တယ်။ ဒါမှ ကိုဗစ်ဗိုင်းရပ်ကူးစက်ခံရရင် ပြင်းထန်စွာနေမကောင်းဖြစ်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်။ စင်ကာပူနိုင်ငံမှာ ရောဂါဖြစ်ပွားမှုတွေကို တွေ့နေရသေးလို့ ကျွန်တော်တို့တွေ လုံခြုံ ကျန်းမာမှုရှိဖို့ ဆက်လက်သတိထားနေကြရမယ်” ဟုပြောခဲ့သည်။

ဝန်ကြီးချုပ်လီသည် မေလ ၁၄ ရက်မှ ၁၆ ရက်ထိ တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့နှင့် မေလ ၁၇ ရက်မှ ၁၉ ရက်ထိ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တို့သို့ ခရီးသွားရောက်ခဲ့သည်။

Ref——The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *