၂၂. ၅. ၂၀၂၃
Written by Pan Ei

မကြာသေးမီက ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဟာ The Eras Tour ရဲ့ ဖျော်ဖြေပွဲအဖြစ် အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးလ်မြို့မှာ ၃ ရက်ဆက်တိုက်ကျင်းပခဲ့ပြီး နစ်ဆန်းအားကစားခန်းမမှာ ရှိုးပွဲတက်ရောက်သူအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

နက်ရှ်ဗီးလ်မြို့က Davis Perrigo ဆိုသူ တေလာဆွစ် အမာခံပရိသတ်တစ်ဦးကတော့ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၁၅ ဝန်းကျင်ရှိတဲ့ ရှိုးပွဲလက်မှတ်ကို စာရင်းကိုင်တစ်ဦးအနေနဲ့ လက်မှတ်ဝယ်ဖို့ မတတ်နိုင်ခဲ့လိုက်ပါဘူး။ ဒါပေမဲ့ ပရိသတ်တစ်ဦးအနေနဲ့ တေလာဆွစ်ရှိုးပွဲကို အပြင်မှာ ကြည့်ဖူးချင်တာကြောင့် ရှိုးပွဲလုံခြုံရေးအစောင့်အနေနဲ့ အလုပ်လျှောက်ခဲ့ပါတယ်။

“ကျွန်တော် အားကစားပွဲတွေ မျိုးစုံကိုတော့ ရောက်ဖူးပေမဲ့ ဒီပွဲကတော့ ကျွန်တော် ကြားဖူးသမျှထဲမှာ အသံ အကျယ်ဆုံးပါပဲ။ ပရိသတ်တွေက မယုံနိုင်လောက်အောင် အသံကျယ်လွန်းပါတယ်” လို့ ရှိုးပွဲထဲက သူ့ရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

လုံခြုံရေးအစောင့်တစ်ဦးအနေနဲ့ ရှိုးပွဲအတွင်း သူရဲ့ဖုန်းကို ထုတ်ခွင့်မရှိခဲ့ပေမဲ့လည်း ရှိုးပွဲအတွင်း စိတ်အားထက်သန်စွာ သီချင်းတွေ လိုက်ဆိုနေတဲ့ Davis Perrigo ကို အခြား ပရိသတ်တွေက သတိထားမိခဲ့ကြပြီး ဗီဒီယိုရိုက်ပေးခဲ့ကြပါတယ်။ အဆိုပါ လုံခြုံရေးအစောင့်ရဲ့ သီချင်းဆိုနေတဲ့ ဗီဒီယိုတွေဟာ အွန်လိုင်းပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး TikTok မှာလည်း ဗီဒီယိုတစ်ခုက ကြည့်ရှုသူ ၆ သန်းကျော်ထိ ရှိခဲ့ပါတယ်။

အခုအခါမှာတော့ သူဟာ ဗီဒီယိုတွေကြောင့် လူသိများလာခဲ့ပြီး တေလာဆွစ်မိန်းကလေးပရိသတ်တွေဆီကနေ လက်ထပ်ခွင့်တွေ တောင်းခံရတာတွေတောင် ရှိတယ်လို့ သူက ပြောကြားခဲ့ပြီး ဒါပေမဲ့လည်း သူက အိမ်ထောင်ရှိပြီးသားသူတစ်ဦးဖြစ်ပါတယ်။

စတိတ်စင်ရဲ့ရှေ့ဆုံးကနေ ပရိသတ်တစ်ဦးအနေနဲ့ အိမ်မက်တွေ ပြည့်ဝခဲ့တဲ့ Davis Perrigo ဟာ သူ့ရဲ့အတွေ့အကြုံတွေကို နှစ်သက်နေပြီး “လက်မှတ်မရလိုက်တာက တကယ်ကို ကောင်းချီးတစ်ခုပါပဲ” လို့ သူက ပြောကြားခဲ့ပါတယ်။

Ref; Yahoo News

Leave a Reply

Your email address will not be published. Required fields are marked *