၂၂. ၅. ၂၀၂၃
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား ယနေ့နံနက်တွင် သေနတ်သမားများက လိုက်လံပစ်ခတ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်နှစ်ဦးတွင် စိုးရိမ်ရဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်းလည်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက်က ဒဂုန်ဆိပ်ကမ်းမြို့နယ် ၊ ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်လွင်ပါ ၇ ဦးသည် ဆိုင်ကယ်လေးစီးဖြင့် ခိုင်ရွှေဝါလမ်းရှိ ဘုန်းကြီးကျောင်းမှထွက်လာစဥ် မိဘမေတ္တာဆေးခန်းရှေ့အရောက် ဆိုင်ကယ်ဘေးတွဲဖြင့် လူငါးဦးလိုက်လာပြီး သုံးဦးကသေနတ်ဖြင့် ၁၈ ချက် ဝိုင်း၍ ပစ်ခတ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်လွင်၊ ဦးဇင်ကိုပိုင်၊ ဦးလှထွန်းတို့သုံးဦးတွင် ကျည်ထိဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

သို့သော် NUG ၏ Scout channel ဖြစ်သော Eagle News တွင်မူ PDF များက ပစ်ခတ်မှုမှာ ၂၈ ချက်ခန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဒဂုန်ဆိပ်ကမ်းမြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုအချိန်ထိ ၈၈၊ ၉၀ နဲ့ ၉၁ ရပ်ကွက်တွေထဲမှာ စစ်ဆေးနေတယ်။ ကျည်မထိတဲ့သူတွေက ပစ်သွားတဲ့သူတွေ မြင်လိုက်တာဆိုတော့ ကွက်ပြည့်နင်းနေတာပေါ့” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဒဂုန်ဆိပ်ကမ်းမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ PDF များက မကြာခဏပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး လက်ရှိ ပစ်ခတ်ခံရသူဦးဇော်လွင်မှာ သုံးဦးမြောက်ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးများအနက် ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်တွင် သတ်ဖြတ်ခံရသည့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဦးနှင့် ၎င်း၏ကားသမား ဦးအောင်လွင်တို့ နှစ်ဦးကို သတ်ဖြတ်သည့် တရားခံနှစ်ဦးအနက် ဆန်းမင်းပိုင်ဆိုသူကို ဖမ်းမိခဲ့သည်။ သို့သော် ဒုတိယမြောက်ဖြစ်သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် သတ်ဖြတ်ခံရသည့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကို လုပ်ကြံသူများမှာမူ ဖမ်းဆီးရမိမှုမရှိသေးကြောင်းလည်း ကြားသိရသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်အပေါ် အသေးစိတ်အချက်အလက်များသိရှိရန် ဆက်လက်အတည်ပြုစုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *