၂၀. ၅. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် မတ်ပဲ၊ နှမ်း၊ မြေပဲ တန်ချိန်နှစ်သောင်း (အိတ်ရေ ၄၀၀,၀၀၀)ကို တရုတ်နိုင်ငံဘက်တွင် ထိန်းသိမ်းခံထားရသည့်အတွက် အနည်းဆုံး ဒေါ်လာ ၁၇ သန်းကျော် (ကျပ်ဘီလျံ ၅၀ ကျော်)အထိ နစ်နာဆုံးရှုံးမှုရှိနေကြောင်း မြန်မာ-တရုတ်နယ်စပ်ကုန်သည်များထံမှ သိရသည်။
“တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ တရုတ်ပိုင် ဝမ်တိန်နဲ့ မြန်မာပြည်ဘက် ပန်ဆိုင်းမြို့ ဟိုဘက်က ဝမ်တိန်မှာရှိတဲ့ ဂိုဒေါင်လေးလုံးရယ် ရွှေလီမှာရှိတဲ့ ဂိုဒေါင်နှစ်လုံးရယ် ဂိုဒေါင်ခြောက်လုံးထဲမှာ မြန်မာနိုင်ငံသား ၁၀၀ ရာခိုင်နှုန်းအပြည့်အဝပိုင်တဲ့ မတ်ပဲတို့ နှမ်းတို့ မြေပဲတို့ တန်ချိန်နှစ်သောင်း အိတ်ရေ ၄၀၀,၀၀၀ ကို ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကစပြီးတော့ သိမ်းဆည်းလိုက်တယ်” ဟု မူဆယ်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မတ်ပဲတစ်တန်ကို ဒေါ်လာ ၈၇၀ ဝန်းကျင် (ကျပ် ၂၅ သိန်းဝန်းကျင်)ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ထို့အတူ မြေပဲတစ်တန်ကို ဒေါ်လာ ၁၇၀၀ ကျော် (ကျပ် ၄၉ သိန်းကျော်)နှင့် နှမ်းတစ်တန်ကို ဒေါ်လာ ၁၄၂၀ ဝန်းကျင် (ကျပ်သိန်း ၄၀ ကျော်) ရှိကြောင်း သိရသည်။ အနည်းဆုံးဈေးနှုန်းဖြစ်သည့် မတ်ပဲတန်ဖိုးဖြင့် တန်ချိန်နှစ်သောင်းကို တွက်ချက်ကြည့်ပါက ဒေါ်လာ ၁၇ သန်းကျော် (ကျပ်ဘီလျံ ၅၀ ကျော်) အထိရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ပဲ၊ နှမ်းတင်ပို့သူများအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ် နှစ်နိုင်ငံလုံးတွင် တရားဝင်အခွန်များပေးဆောင်ပြီး တင်ပို့လျက်ရှိပြီး ယခုကဲ့သို့ ဆောင်ရွက်နေမှုသည် အနည်းဆုံး ဆယ်စုနှစ် ၂ ခုအထိရှိပြီဖြစ်ကြောင်း၊ ယခုတင်ပို့ထားသည့် ပဲ၊ နှမ်း၊ မြေပဲ တန်ချိန်နှစ်သောင်းကိုမူ ယူနန်ဒေသအပြင် တရုတ်နိုင်ငံရှိ အခြားသောဒေသများသို့ နယ်ကျော် ပို့ဆောင်ခြင်းကြောင့်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
“ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းတွေက မြန်မာပြည်ကနေပြီးတော့ တရားဝင်။ မြန်မာပြည်ဘက်ကိုလည်း အခွန်အပြည့်အဝဆောင်တယ်။ တရုတ်နိုင်ငံဘက်မှာလည်း အခွန်အပြည့်အဝဆောင်ပြီးတော့ နှစ်နိုင်ငံအပြည့်အဝဆောင်ပြီးတော့ တရုတ်နိုင်ငံထဲကိုဝင်တာ။ ဒီလိုသွားနေတာ ဆယ်စုနှစ် နှစ်စု၊ သုံးစုလောက်ရှိနေပြီ။ အခုကျမှဖမ်းတယ်။ ဘာလို့ဖမ်းတာလဲဆိုတော့ ယူနန်အတွင်းပဲခွင့်ပြုတယ်ပေါ့။ ဒါပေမဲ့ အခုပို့တာ ကွမ်ကျိုးတို့ ဘာတို့ကိုပို့တော့ နယ်ကျော်ဆိုတဲ့ဥပဒေနဲ့ သူတို့ကပိတ်သိမ်းထားခြင်းဖြစ်ပါတယ်။ ဒီကနေ့အထိ ပြန်လည်မဖွင့်ပေးသေးပါဘူး” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ တရုတ်နိုင်ငံဘက်သို့ ပဲ၊ နှမ်းများတင်ပို့နေမှုများ အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံ့တာဝန်ရှိသူများက ကူညီဖြေရှင်းပေးစေလိုနေကြောင်းလည်း သိရသည်။
