၁၆. ၅. ၂၀၂၃
Written by Tha Doe
ရန်ကုန်မြို့တွင်းပတ်ယာဥ်လိုင်းများဖြစ်သည့် YBS ၅၆၊ YBS ၅၇၊ YBS ၅၈ ယာဥ်လိုင်းများမှာ ယခင်က ကျပ် ၁၀၀ ဖြင့် ပြေးဆွဲပေးနေရာမှ ယနေ့မှစ၍ ကျပ် ၂၀၀ သို့ စတင်မြင့်တက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို ရန်ကုန်မြို့တွင်းပတ် ယာဥ်လိုင်းသုံးစီးမှာ မထသယာဥ်လိုင်းများအဖြစ်မှ YBS ယာဥ်လိုင်းများအဖြစ်သို့ အမည်စတင်ပြောင်းလဲသည့် ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ ၆ နှစ်ကျော်ကြာ ကျပ် ၁၀၀ ဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ယခင်လများက တခြား YBS ယာဥ်များ စျေးနှုန်းမြင့်တက်ချိန်တွင်လည်း မြင့်တက်ခဲ့ခြင်းမရှိဘဲ ယခုမှသာ စတင်မြင့်တက်ခြင်းဖြစ်သည်။
” ကျွန်တော်တို့ ၅၇ ကတော့ ဒီနေ့စတက်တာ။ ဒါပေမဲ့လည်း ငွေသားနဲ့ဆိုမှ ၂၀၀ ကောက်ပြီး YPS ကတ်နဲ့ဆို ၁၀၀ ပဲ ဆက်ကောက်ပါတယ်” ဟု YBS ၅၇ ယာဥ်မောင်းတစ်ဦးက ဆိုသည်။
ယနေ့မှစတင်၍ ကျပ် ၂၀၀ သို့ မြင့်တက်ခြင်းဖြစ်သဖြင့် YBS မြို့ပတ်ယာဥ်များတွင် ကျပ် ၂၀၀ သို့ စျေးစတင်တက်ကြောင်း စာများကပ်ထားသကဲ့သို့ ယာဥ်မောင်းများကလည်း တစ်ယောက် ကျပ် ၂၀၀ ဖြစ်ကြောင်း သတိပေးနေမှုများလည်း တွေ့မြင်ရသည်။
