(Photo-MFSD)
၁၆. ၅. ၂၀၂၃
Written by Thettant
YBS ယာဥ်တစ်စီး အပူလွန်ကဲမှုကြောင့် Heat တက်ပြီး မီးလောင်မှုတစ်ခု ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၁၀ နာရီခန့်က ရွှေပြည်သာမှ ဆူးလေသို့ မောင်းနှင်လာသည့် YBS ၇၈ ယာဥ်သည် ပြည်လမ်းမကြီးနှင့် အလုံလမ်းမီးပွိုင့်အနီး ဟယ်လ်ပင်မှတ်တိုင်မရောက်မီ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးရှေ့တွင် အပူလွန် Heat တက်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ထိုမီးလောင်မှုကြောင့် ခရီးသွားပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။
“YBS-78 ကို မြေနီကုန်းက တက်စီးလာတာ။ ဟယ်လ်ပင်မရောက်ခင် မီးပွိုင့်မှာ ကားက မီးခိုးတွေထွက်လာတော့ ချက်ခြင်းကားရပ်ပြီး ခရီးသည်တွေ ဆင်းကြဆိုတော့ ချက်ခြင်းဆင်းကြလို့ ခရီးသည်တွေတော့ ထိခိုက်တာမရှိဘူး။ ကားကတော့ တော်တော်လောင်သွားတယ်ပြောရမယ်” ဟု အဆိုပါကားနှင့် စီးနင်းလိုက်ပါလာသူတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်အပေါ် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၀၈ မိနစ် အချိန် မီးငြိမ်းခဲ့သည်ဟုလည်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။


