MT News

Written by Thettant

အောက်တိုဘာ ၁၄ ရက်နေ့က ကျရောက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ထူထောင်ခြင်း (၃၄)နှစ်မြောက်အမှတ်တရနေ့အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) က သဝဏ်လွှာပေးပို့ခဲ့သည်။

မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် ခေတ်ကာလတောင်းဆိုမှုအရ ၁၉၈၈ ခုနှစ် နိုင်ငံအဝှမ်း ဒီမိုကရေစီ အရေး တောင်းဆိုဖော်ထုတ် တိုက်ပွဲ၀င်ခဲ့ကြသော ပြည်သူ့အရေးလှုပ်ရှားမှုမှ ပေါက်ဖွားလာခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီသည် ပါတီနိုင်ငံရေးပလက်ဖောင်းမှ မိမိ ရည်မှန်းချက်နှင့် မူဝါဒများကို ဆုပ်ကိုင်ကာ တစိုက်မတ်မတ် တိုက်ပွဲ၀င်ခဲ့ပြီး မပြီးဆုံးသေးသော သမိုင်းပေးတာ၀န်များအား မျိုးဆက်သစ်များနှင့်အတူ ဆက်လက်သယ်ဆောင် တိုက်ပွဲ၀င်နေသည်ကို တွေ့ရသည့်အတွက် KNU အနေဖြင့် ဂုဏ်ယူ ၀မ်းမြောက်သည်ဟု ဆိုသည်။

DPNS သည် ၁၉၉၁ ခုနှစ်မှစတင်၍ KNU ၏ မိတ်ဖက်အဖွဲ့အစည်းတခုအဖြစ် ရပ်တည်ကာ ပြည်သူတို့၏ လိုလားသော အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် အောက်မှ အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု – DAB၊ အမျိုးသားကောင်စီ – NCUB စသည့် နိုင်ငံရေးလှုပ်ရှားမှု အသီးသီးတွင် အခက်အခဲအကြပ်အတည်းပေါင်း မြောက်များစွာကို အန်တုရင်ဆိုင်ကျော်ဖြတ်ရင်း တက်ကြွစွာ ပါ၀င်ခဲ့သလို ၂၀၂၁ ခုနှစ်၏ အာဏာရှင်ချုပ်ငြိမ်းရေးဖြစ်သည့် နွေဦးတော်လှန်ရေးတွင်လည်း ဦးဆောင်မှုအခန်းကဏ္ဍမှ တက်ကြွစွာ ဆက်လက်ပါဝင် တိုက်ပွဲဝင်နေသည့် သမိုင်းဖြတ်သန်းမှုအား KNU မှ မော်ကွန်းတင်အပ်သည်ဟု ဖော်ပြထားသည်။

DPNS ၏ ၃၄ နှစ်တာ ကာလအတွင်း ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရုန်းကန်မှုတိုက်ပွဲတလျှေက် ဘ၀နှင့် အသက်ပေါင်းများစွာကို ပေးဆပ်သွားကြသည့် တိုက်ပွဲ၀င်ပါတီ၀င်များအား ဦးညွတ်ဂုဏ်ပြုလျှက် တိုင်းရင်းသားပြည်သူလူထုမှ လိုလားသည့် စစ်အာဏာရှင်စနစ် အပါအ၀င် မည်သည့်အာဏာရှင် စနစ်များမဆို ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် မပြီးဆုံးသေးသည့် တော်လှန်ရေးတွင် မိမိတို့ဘဝတူ တော်လှန်ရေးအင်အားစုများနှင့်အတူ အတူတကွ ဆက်လက်တိုက်ပွဲ၀င်သွားပါရန်ကိုလည်း တိုက်တွန်းကြောင်းလည်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News