MRDA ထံမှ NUG နှင့် ဦးရည်မွန်၏ MOD က ဒေါ်လာသုံးသိန်းရယူထားသော်လည်း မည်သည့်ပစ္စည်းမျှ မပို့သေးမှုအပေါ် MRDA က ရှင်းလင်းခဲ့မှုအား တွေ့ရစဥ်

MT News

Written by Nay Moe

ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါး အထူးတပ်သား ၁၀၀ အတွက် လိုအပ်သည်များဖြည့်ဆည်းရန် ဒေါ်လာသုံးသိန်းခန့်ကို NUG/MOD သို့ ပေးထားသော်လည်း ယခုအချိန်အထိ အကြောင်းအမျိုးမျိုး ပြနေဟု မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) က အောက်တိုဘာ ၁၄ ရက်တွင် ကြေညာထားသည်။

ဗိုလ်နဂါး၏ MRDA အထူးကွန်မန်ဒို ၁၀၀ အတွက် လိုအပ်သည့် လက်နက်များတပ်ဆင်ရန် ဒေါ်လာလေးသိန်း စီမံကိန်းဖြင့် အလှူခံခဲ့ပြီးနောက် ဒေါ်လာသိန်းနှင့်ချီရပြီးနောက် မည်သည့်လှုပ်ရှားမှုမျှ မရှိတော့သဖြင့် ဒေါ်လာများရယူကာ လုပ်စားသည်ဟု ဝေဖန်မှုများအပေါ် ဗိုလ်နဂါး၏ MRDA က အောက်တိုဘာ ၁၃ ရက်နှင့် အောက်တိုဘာ ၁၄ ရက် နှစ်ရက်ဆက် ရှင်းလင်းချက်တွင် ထိုသို့ဖော်ပြလာခြင်းဖြစ်သည်။

“ယခုပြောဆိုနေသော Commando-100 အတွက်အကြောင်းပြ၍ ဒေါ်လာလေးသိန်းအလှူခံကာ ဘာမျှရေရေရာရာ အကောင်အထည်မပေါ်အလုပ်မပြဘဲ ငွေကြေးလိမ်လည်ထားသည်ဟု ပုံဖော်ပြောဆိုနေသည့် လူအနည်းစုကို ပြည်သူတချို့သတိထားမိလိမ့်မည်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်တို့သည် NUG၊ MOD နှင့် ကောင်းမွန်သောအဆက်အစပ်ရှိသည်ဟု ကိုယ်တိုင်ပြောဆိုထားသည်လည်းရှိပါသည်။ ထိုသို့ရှိနေပါလျက် ဒေါ်လာလေးသိန်းနှင့်ပါတ်သက်၍ ဘာအကောင် အထည်မျှမပေါ် အလုပ်မပြ လိမ်လည်သည်ဟု ပုတ်ခတ်စွပ်စွဲနေသည်မှာ အထက်ကိုထောက်ပြဝေဖန်မှုမပြုရဲ၍ ကျွန်ုပ်တို့ကိုသာ စွပ်စွဲပြောဆိုနေခြင်းမျိုး သို့မဟုတ် အခြားရည်ရွယ်ချက်ဆိုးတစ်ခုဖြင့် ဝါဒဖြန့်လိုခြင်းမျိုး တခုခုတွေးတောစရာပင်ဖြစ်နေပါသည်။

ကျွန်ုပ်တို့အနေဖြင့် အမှန်တကယ်အင်အားဖြစ်လို၍ ဇွန်လပိုင်းမှ စတင်ခဲ့သော ဒေါ်လာလေးသိန်း Project မှ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ထံတွင် ဒေါ်လာသုံးသိန်းခန့်ကို ပေးသွင်းထားခဲ့ပြီးဖြစ်ပါသည်။ ယခု အောက်တိုဘာလအထိတိုင် ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ ထောက်ပို့တာဝန်ခံအား အမြဲမပြတ်စုံစမ်းမေးမြန်းနေမြဲဖြစ်ပါသည်။ အခက်အခဲအမျိုးမျိုးကြောင့် မရောက်ရှိနိုင်သေးကြောင်း အကြောင်းပြန်လာ၍သာ ကျွန်ုပ်တို့အနေဖြင့် အကောင်အထည်မဖော်ပြနိုင်သေးခြင်းဖြစ်ပါသည်။ ထို့ပြင် နေရာတစ်ခုမှ လေကြောင်းရန်ကို တုံ့ပြန်ရန် လက်နက်ကြီးတစ်ခုအပါအဝင် အခြားပစ္စည်းအကြီးများ၊ အဖူးများ၊ M.R.D.A မှ မြန်မာကျပ်ငွေသိန်းသုံးထောင်ဖိုးခန့်ဝယ်ယူထားသည်ကို ကာကွယ်ရေးဝန်ကြီးဌာနထောက်ပို့တာဝန်ခံမှ တာဝန်ယူသယ်ကူပေးမည်ဟု ဆိုသဖြင့် ဇွန်လပိုင်းကတည်းကပင် ပစ္စည်းအပ်နှံထားသော်လည်း လမ်းကြောင်းအခက်ခဲကြောင့် လက်ဝယ်ရောက်ရှိမလာသေးဘဲ မျှော်လင့်သလောက် အလုပ်ခရီးမပေါက်ရခြင်းအပေါ် ပြည်သူလူထုက နားလည်ပေးပါ” ဟု ဗိုလ်နဂါး၏ MRDA က ဆိုသည်။

ယခုဖြစ်စဥ်တွင် ဗိုလ်နဂါးက ဒေါ်လာလေးသိန်းအလှူခံ၍ လုပ်စားနေသည်ဟု တိုက်ခိုက်သူများမှာ NUG- MOD ၏ အလှူခံအဖွဲ့အစည်းများနှင့် နီးစပ်သူများဖြစ်ပြီး ထိုသူများကပင် ဗိုလ်နဂါး၏ MRDA က ပြည်သူ့ပံ့ပိုးငွေများကို အလွဲသုံးစားလုပ်သယောင်၊ ကိုယ်ကျိုးဖန်တီးသယောင်ဖြင့် တိုင်းရင်းသားပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ကြိုးစားပမ်းစား ဝါဒဖြန့်နေမှုများကိုလည်း တွေ့ရှိနေရပြီး အချို့ လိုင်းပေါ်တွင် ပြောဆို၍ အချို့ကို ရန်ပုံငွေရှာဖွေနေသော အဖွဲ့အစည်းများ (Fundraising Groups)၊ ရန်ပုံငွေရှာဖွေပေးနေသူများ(Fundraisers)၊ ပြည်တွင်းပြည်ပအလှူရှင်များ(Donors) ထံသို့ပင် တိုက်ရိုက်ဆက်သွယ်ပြီး သတင်းအမှားပေးပို့ကာ အနှောင့်အယှက်ပေးနေသည်များကို ကြားသိနေရပါသည်ဟုလည်း ဗိုလ်နဂါးတို့အဖွဲ့က ဖြေရှင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News