၁၄. ၁၀. ၂၀၂၂

Written by Naing Thuta

ဘုရားဖူး ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်းအား ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်မှုအား အောက်တိုဘာ ၁၄ ရက်က မန္တလေးမြို့တွင် အထက်မြန်မာပြည် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့(မန္တလေး)မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးရင်ပြင်တော်တွင် အထက်မြန်မာပြည် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့ (မန္တလေး) ဥက္ကဋ္ဌ ဆရာတော် အရှင် ဣန္ဒဝီရ (လှည်းကူး) ဦးဆောင်၍ သံဃာ ၅၀ ပါးခန့်၊ တပ်မတော် ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင် ဦးချစ်ကိုကို ဦးစီးအဖွဲ့ဝင် ၁၀၀ ဦးခန့်တို့ဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့ (၉)နာရီမှ (၉)နာရီခွဲအထိ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“နံနက် ကိုးနာရီလောက်က မော်တော်ကား ၁၀ စီးကျော်လောက်နဲ့ရောက်လာပြီး ဘုရားကြီးထဲ ဆိုင်းဘုတ်တွေ သာသနာ့အလံတွေ ကိုင်ဆောင်ပြီး ဝင်သွားတာတွေ့လိုက်တယ်။ ပြီးခဲ့တဲ့ရက်က ကျိုက်ထီးရိုးဘုရားဖူးပြည်သူအချို့တွေ အသတ်ခံရလို့ အကြမ်းဖက်လုပ်ရပ်အပေါ် ရှုတ်ချတဲ့အနေနဲ့ ဆန္ဒလာပြသွားကြတာပါ။ ပြီးတော့ KNU/KNLA (အလိုမရှိ အလိုမရှိ)၊ CRPH/ NUG/PDF (အလိုမရှိ အလိုမရှိ) လို့ အော်ဟစ်သွားကြသေးတယ်”ဟု ဘုရားကြီးရှေ့တွင် စျေးရောင်းနေသည့် စျေးသည်တစ်ဦးက ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုတွင် အလျား ၅ ပေ၊ ၃ ပေခန့်ရှိ ဗီနိုင်းပေါ်၌ “KNLA တပ်မဟာ(၁)နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူများ၊ ဘုရားဖူး ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းအား ဆန့်ကျင်ရှုတ်ချပါသည်”၊ “KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူများ”၊ “KNLA/NUG/CRPHရဲ့ လက်ဝေခံ PDF တို့၏ ကျိုက်ထီးရိုးဘုရားဖူးပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှု လုပ်ရပ်အား ဆန့်ကျင်ရှုတ်ချသည်”၊ “KNLA/CRPH/NUG/PDF တို့၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချသည်” စသည့်ဆိုင်းဘုတ်များကိုင်ဆောင်၍ KNU/KNLA (အလိုမရှိ အလိုမရှိ)၊ CRPH/N UG/PDF (အလိုမရှိ အလိုမရှိ) စသည့်ကြွေးကြော်သံများအား ကြွေးကြော်ပြီး မဟာမြတ်မုနိဘုရားကြီးမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ပြောကြားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *