၁၄. ၁၀. ၂၀၂၂

Written by Thettant

အပူပိုင်းမုန်တိုင်း Sonca ကြောင့် မြန်မာနိုင်ငံတဝန်း မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး အောက်ပိုင်းဒေသများ မိုးပိုများလာနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၁၄ ရက်တွင် သိရသည်။

ယနေ့မြန်မာစံတော်ချိန် ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်းငယ် (Tropical Depression) သည် အပူပိုင်းမုန်တိုင်း“စွန်းကာ” (Sonca) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံ၊ ဒါနန်း (Da Nang)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “စွန်းကာ” (Sonca) သည် အနောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်းထားသည်။

ထို့ကြောင့် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းအထိ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်မည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၆ ပေခန့် ရှိနိုင်ပြီး လာမည့် ၂ ရက်တွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုများလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *