Credit Linn Nay

၁၄. ၁၀. ၂၀၂၂

Written by Nay Moe

ကျိုက်ထီးရိုးစေတီတော် ကင်မွန်းချောင်းတောင်တက်ဂိတ်က လခရစခန်းကို အောက်တိုဘာ ၁၂ ရက်မှာ သထုံ PDF က တိုက်ခိုက်ရာမှာ ဘုရားဖူးပြည်သူတွေကို ထိခိုက်အောင်လုပ်ခဲ့တာ မရှိဘူးလို့ သထုံခရိုင် တပ်မဟာ (၁) PDF အဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းက ငြင်းဆိုခဲ့ပေမဲ့ ဒီနေ့ Linn Nay အမည်နဲ့အသုံးပြုတဲ့ တယ်လီဂရန်က တင်လာတဲ့ CCTV မှတ်တမ်းမှာတော့ ကိုအေးမင်းထွန်းက BBC မှာ ပြောခဲ့တာနဲ့ ကွဲလွဲနေပါတယ်။

ကိုအေးမင်းထွန်းက BBC မှာ “ယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီတပ်သားတွေကိုပစ်တယ်။ ကတုတ်ကျင်းထဲကိုပစ်တယ်။ ဂိတ်စခန်းကိုပစ်ပြီး ပြန်လှည့်ထွက်လာကြတာ။ ကျွန်တော်တို့ပစ်တဲ့အချိန်မှာ ဘုရားဖူးလည်း အဲဒီလောက်အများကြီးမရှိဘူး။ ပစ်ပြီး ပြန်ထွက်လာမှ သူတို့ဘက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်တာ။ အဲဒီအချိန် ဘုရားဖူးတွေ ကြောက်အားလန့်အားပြေးရင်းထိကြတာ ဖြစ်နိုင်တယ်။ သူတို့ ပွင့်ပွင့်လင်းလင်း တစ်နိုင်ငံလုံးသိအောင် ပြည်သူကိုချပြရဲတယ်ဆိုရင် တောင်တက်ဂိတ်မှာ CCTV အလုံးပေါင်းများစွာရှိတယ်။ အဲဒီကနေ ဘယ်အဖွဲ့ပစ်တယ်ဆိုတာ ချပြလို့ရတယ်။ ကျွန်တော်တို့က ပြည်သူတွေကိုထိခိုက်အောင်မလုပ်ဘူး’’ လို့ ပြောခဲ့တာပါ။

ဒါပေမဲ့ CCTV မှတ်တမ်းမှာတော့ ဘုရားဖူးကားတွေ တန်းစီနေပြီး ဘုရားဖူးပြည်သူတွေ ပြည့်နေတဲ့ တောင်တက်ဂိတ်ဝင်းကို ကိုအေးမင်းထွန်းတို့ စတင်တိုက်ခိုက်ချိန်မှာပဲ ဘုရားဖူးပြည်သူအမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်လဲကျသေဆုံးခဲ့တာ မြင်ခဲ့ရပါတယ်။

ကိုအေးမင်းထွန်းတို့ သထုံခရိုင် တပ်မဟာ (၁) PDF အဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ်က ဘုရားဖူးအမျိုးသမီးသုံးဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ဒဏ်ရာရခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့လည်း MT News က စုံစမ်းသိရပါတယ်။

ကိုအေးမင်းထွန်းရဲ့သထုံခရိုင် တပ်မဟာ (၁) PDF အဖွဲ့ တိုက်ခိုက်မှုကြောင့် ကျိုက်ထီးရိုးဘုရားကို ပိတ်မပစ်ခဲ့ပေမဲ့လည်း ဘုရားဖူးပြည်သူသုံးဦးသေဆုံးခဲ့တာ ၁၉ ဦး ဒဏ်ရာရခဲ့တာကြောင့် ဆိုင်တွေပိတ်ခဲ့သလို ဘုရားဖူးတွေလည်း ရပ်တန့်သွားပြီဖြစ်လို့ ကျိုက်ထီးရိုးဘုရားဖူးတွေကို အမှီပြုနေရတဲ့ ကျိုက်ထိုဒေသခံပြည်သူတွေဟာ အဆင်မပြေမှုတွေကို ပြန်လည်ခံစားနေရပြီဖြစ်ပါတယ်။ လက်ရှိမှာ ကိုအေးမင်းထွန်းတို့ရဲ့ သထုံခရိုင် တပ်မဟာ (၁) PDF အဖွဲ့ ရဲ့ ဘုရားဖူးပြည်သူတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မွန်ပြည်နယ်က ဘာသာပေါင်းစုံအဖွဲ့အစည်းတွေ နိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေအားလုံးက ရှုတ်ချကန့်ကွက်ထားတာကိုလည်း တွေ့ရပါတယ်။

Movie Credit Linn Nay

Leave a Reply

Your email address will not be published. Required fields are marked *