၅. ၅. ၂၀၂၃
MT News
မေလ ၆ ရက် နေပြည်တော်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ပွဲ ထူးချွန်ဆုရရှိနိုင်ခြေ ခန့်မှန်းခဲ့ရာ ရုပ်ရှင်သရုပ်ဆောင်တွေကတော့ ၂၀၁၉ ခုနှစ်အတွက် ဇာတ်ဆောင်ဆုကို အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ မြင့်မြတ်တို့ ရမယ်လို့ နာမည်တွေ ထွက်ပေါ်လာပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ ဟစ်တိုင်နဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကား ၂ ကားဖြစ်ပြီး၊ မြင့်မြတ်ကတော့ ရိုးမပေါ် ကျတဲ့မျက်ရည် ရုပ်ရှင်ကားနဲ့ အဓိကဇာတ်ဆောင်ဆုတွေရမယ်လို့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
” ရိုးမပေါ်ကျတဲ့ မျက်ရည်” ဝတ္ထုဟာ စာရေးဆရာ တင်ညွန့်ရဲ့ ကျောင်းဆရာဘဝ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ပြန်လည်ခံစားရေးဖွဲ့ထားတဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်။
Bo Bo ရုပ်ရှင်ထုတ်ရေးက ဇာတ်ညွှန်း သက်ဦးမောင်၊ မင်းသခင်တို့က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ ကိုပေါက်က သရုပ်ဆောင်တွေဖြစ်တဲ့ မြင့်မြတ်၊ ထူးအောင်၊ ခင်လှိုင်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ညောင်ညောင်၊ အုန်းသီး စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။
“ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကတော့ သက်ငယ်မုဒိန်းအကြောင်းကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နန်းဒေဝီ ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်ညွှန်း ကကြိုးသျှင်ရေးသားပြီး ဒါရိုက်တာ ဟိန်းစိုးက ပုံဖော်ရိုက်ကူးထားပြီး သရုပ်ဆောင်တွေဖြစ်တဲ့ စိုင်းဝဏ္ဏအောင်၊ ဂျိမ်းစ်၊ ထူးပြည့်အောင်၊ မေသန်းနု၊ အိန္ဒြာကျော်ဇင်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့် တိုက အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။




