၁. ၅. ၂၀၂၃
Written by Ye Kyaw

လက်ရှိတွင် မတ်ပဲဈေးနှုန်းမြင့်တက်လာသော်လည်း ရောင်းရန်လက်ကျန် မရှိသလောက်ဖြစ်ချိန် အနည်းငယ်သာ ကျန်ရှိတော့သဖြင့် မတ်ပဲစိုက်တောင်သူများ ယခင်ထက် ဝင်ငွေတိုးတက်ရရှိလာခြင်းမရှိကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရသည်။

“မတ်ပဲပေါ်ချိန်က မြန်မာလနဲ့ဆို တပိုတွဲ (ဖေဖော်ဝါရီလဝန်းကျင်)ပေါ့။ အဲဒီအချိန်တုန်းက တစ်တင်းကို ၆၅,၀၀၀ ပဲရှိတာ။ အခုဆို တစ်တင်းကို ၇၁,၅၀၀ အထိဖြစ်သွားတော့ တင်း ၁၀၀ ဆို သိန်း ၇၀ ကျော်နေပြီ။ ဒါပေမဲ့ တောင်သူတွေမှာက အများကြီးမရှိတော့ဘူး။ များများစိုက်တဲ့သူတွေတောင် တင်း ၅၀ လောက်ပဲကျန်တာ။ ရောင်းတာက အခုရောင်းရင် အခုချက်ချင်းကို ဝယ်တာ” ဟု ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ မတ်ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။

မတ်ပဲစိုက်ပျိုးမှုသည် မြေအမျိုးအစားအပေါ်မူတည်၍ တစ်ဧကကို ၁၅ တင်းမှ တင်း ၂၀ ကျော်ထွက်ရှိပြီး ယခုနှစ်တွင် ယခင်က မတ်ပဲမစိုက်သည့် တောင်သူများကပါ မတ်ပဲစိုက်ပျိုးမှုရှိကြောင်း သိရသည်။

“မတ်ပဲက အခုမှစစိုက်တဲ့သူဆို ၁၅ တင်းသွားလောက်ပဲ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက စိုက်တဲ့သူဆို တင်း ၂၀ ကျော် ၂၅ တင်း လောက်ထွက်တယ်။ အခုက မတ်ပဲစိုက်တဲ့ ကုန်ကျစရိတ်ကို ကုန်ကျငွေဘယ်လောက်ဆိုတာထက် တစ်ဧကကို ခုနစ်တင်းနဲ့ ရှစ်တင်းလောက်ဖယ်လိုက်တာ အရင်းပေါ့။ ကျန်တာအမြတ်။ ၁၅ တင်းလောက်ပဲထွက်ရင် တစ်ဝက်ပဲကျန်တာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပဲများတင်သွင်းခွင့်ကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး အိန္ဒိယနိုင်ငံတွင်လည်း ဒေသတွင်း ပဲလိုအပ်ချက်များရှိနေ‌‌သဖြင့် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း ပြောင်းလဲမှုမရှိသော်လည်း ပြည်ပသို့ အဓိကတင်ပို့သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဥ်းငုံ အမျိုးအစားများ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်၍ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်တွင် မတ်ပဲ (FAQ /RC) တစ်တန်ကို ကျပ် ၁,၈၅၈,၅၀၀ နှင့် မတ်ပဲ (SQ /RC) တစ်တန်ကို ကျပ် ၂,၀၈၀,၅၀၀ သာရှိခဲ့ရာမှ ဧပြီလကုန်ပိုင်းတွင် မတ်ပဲ (FAQ /RC) တစ်တန်ကို ကျပ် ၂,၁၈၉,၀၀၀ နှင့် မတ်ပဲ (SQ /RC) တစ်တန်ကို ကျပ် ၂,၄၅၉,၀၀၀ အထိမြင့်တက်ခဲ့သဖြင့် ပြည်ပတင်ပို့သော မတ်ပဲအမျိုးအစားများသည် နှစ်လအတွင်း တစ်တန်ကို ကျပ် ၂၂၀,၀၀၀ ကျော်မှ ကျပ် ၃၇၀,၀၀၀ ကျော်အထိ ဈေးနှုန်းပိုမိုရရှိခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရက်သတ္တပတ် သုံးပတ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၇၇,၀၀၀ ကျော်တင်ပို့မှ ဒေါ်လာသန်း ၆၀ နီးပါးရရှိခဲ့ပြီး ယင်းအနက် မတ်ပဲတန်ချိန် ၂၂,၀၀၀ ကျော်တင်ပို့မှ ဒေါ်လာ ၁၇ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *