၂၉. ၄. ၂၀၂၃

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး Waterboom မှတ်တိုင်အနီးတွင် ဧပြီ ၂၈ ရက် ည ၁၁ နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ MT News သို့ ပြောသည်။

ယာဥ်မတော်တဆမှုဖြစ်ပြီး ကားထဲတွင်လူများညပ်နေကြောင်း မြင်တွေ့သူ ပြည်သူများမှ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့သို့ အကြောင်းကြားလာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီမှုများ လုပ်ဆောင်ပေးခဲ့ရသည်။

ဖြစ်စဥ်မှာ ညအချိန် လမ်းရှင်းချိန်တွင် အရှိန်မြှင့်တင်မောင်းနှင်ရာမှ လမ်းဘေး၌ကာရံထားသော သံဘောင်တန်းကို တိုက်မိခြင်းဖြစ်ပြီး ကားထဲတွင် ညပ်နေသည့် အသက်(၃၀) ဝန်းကျင်ခန့် လူနာအမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦးအား သာကေတမြို့နယ်မီးသတ်တပ်ဖွဲ့၊ မိတ်ဖက်ပရဟိတအသင်းများ၊ ပြည်သူများနှင့် ပူးပေါင်းကာ မိနစ်(၃၀)ခန့်အကြာတွင် ကားထဲမှကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

“ရောက်ချိန်မှာ ကားတစ်စီးထဲ တွေ့ရတယ်။ ကားပေါ်မှာ လူ ၅ ယောက် ညပ်နေခဲ့တယ်။ အနေအထားအရ 192 လိုတာဖြစ်တဲ့အတွက် ချိတ်ဆက်ရာမှာ မီးသတ်တပ်ဖွဲ့ကလည်း ၅ မိနစ်မကြာဘဲ ရောက်ရှိလာခဲ့တယ်။ ၂ ဦးကတော့ အဆင်ပြေချောမွေ့စွာကယ်ထုတ်နိုင်ခဲ့ပေမဲ့ ၃ ဦးကိုတော့ မိနစ် ၃၀ ကြာ ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတယ်။ သာကေတမြို့နယ် မီးသတ် ၊ မြို့နယ်မှုး၊ စခန်းမှုး ဦးဆောင်ပြီးပေါ့။ မီးသတ်၊ ပရဟိတ၊ပြည်သူ့အားနဲ့ ၅ ဦးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပေမဲ့ အမျိုးသမီးတစ်ဦးကတော့ ဆေးရုံသွားလမ်းကြောင်းပေါ်မှာ အသက်သေဆုံးသွားခဲ့တယ်။ သူက ညပ်နေတဲ့ချိန်မှာ Oxygen ပေးပြီး ဆွဲထုတ်။ အပြင်ရောက်တော့ အသက်မရှုတော့လို့ CPR ပေးပြီး အသက်ပြန်ရှူလာအောင် ကြိုးစားခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သေဆုံးသွားရတဲ့အတွက် ဝမ်းနည်းရပါတယ်ဗျာ။ ကူညီမှုသက်တမ်းတစ်လျောက် ဒီတစ်ခါ ခက်ခဲဆုံးပဲ”ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက MT News ၏ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လူမှုကူညီရေး ပရဟိတသမားများက မြေပြင်ကုသမှုပေးပြီး၊ ထိခိုက်ဒဏ်ရာရ လူနာများအား ရှုခင်းသာလူမှုကူညီရေးအသင်း၊ မဟော်သဓာလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း(မိတ်ဖက်)၊ အာရောဂျံသုခလူမှုကူညီရေးအသင်း(မိတ်ဖက်)၊ Happy လူမှုကယ်ဆယ်ရေးအသင်းကားတို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး သေဆုံးသူအမျိုးသမီးကိုလည်း ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *