ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ Asia Pattaya hotel ကို မေလ ၁ ရက် အစောပိုင်းနာရီများက ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာတွင် အိန္ဒိယနိုင်ငံသား လောင်းကစားသမား ၈၀ ဦးနှင့် စီစဉ်သူ၊ အလုပ်သမား စုစုပေါင်း ၉၃ ဦး ဖမ်းဆီးရမိထားစဉ်

၁. ၅. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် အိန္ဒိယနိုင်ငံသား လောင်းကစားသမား ၈၀ ဦးကို မေလ ၁ ရက်၊ နံနက်အစောပိုင်းအချိန်များက ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းမိခဲ့ကြောင်း သိရသည်။

ချောင်ဘူရီ ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ၊ ရဲမှူးချုပ် ကမ်ပိုလ် လီလာပရာပါပွန်က ညသန်းခေါင်ကျော်၍ ၁၅ မိနစ်ခန့်တွင် ဘန်လာမွန်ခရိုင်၊ နောင်ပရူခရိုင်ခွဲရှိ Asia Pattaya Hotel ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသားများက ဟိုတယ်ရှိအခန်းများတွင် ဧပြီလ ၂၇ ရက်မှ မေလ ၁ ရက်အထိ ငှားရမ်းနေထိုင်ခဲ့ကြပြီး Sampao အမည်ရှိ အစည်းအဝေးခန်းကိုလည်း လောင်းကစားမှုများပြုလုပ်ရန် ငှားရမ်းထားကြောင်း စုံထောက်များက သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုပြုရန် ဟိုတယ်သို့ ရောက်ရှိလာချိန်တွင် လောင်းကစားသမားများက Baccara နှင့် Blackjack လောင်းကစားနည်းများကို ကစားနေကြကြောင်းသိရသည်။ ရဲတပ်ဖွဲ့ကိုမြင်လျှင် ၎င်းတို့ကထွက်ပြေးရန်ကြိုးစားကြသေးသော်လည်း အခွင်ံအရေးမရခဲ့ကြပေ။

ရဲတပ်ဖွဲ့က လူ ၉၃ ဦးကို ဝိုင်းပိတ်ဖမ်းမိခဲ့ပြီး အိန္ဒိယနိုင်ငံသား ၈၃ ဦး၊ ထိုင်းနိုင်ငံသားခြောက်ဦးနှင့် မြန်မာနိုင်ငံသားလေးဦးပါဝင်ကြောင်းသိရသည်။ ဖမ်းမိသူများအနက် ၈၀ ဦးမှာ အိန္ဒိယနိုင်ငံသား လောင်းကစားသမားများဖြစ်၍ အခြားသူများမှာ လောင်းကစားပွဲစီစဉ်ပြုလုပ်သူများနှင့် ၎င်းတို့၏ အလုပ်သမားဝန်ထမ်းများဟု ဆိုသည်။

ရဲတပ်ဖွဲ့က Baccarat လောင်းကစားနည်းစားပွဲလေးခု၊ Blackjack လောင်းကစားနည်း စားပွဲသုံးခု၊ ကတ်ပြား ၂၅ စုံ၊ ကွန်ပျူတာချစ် ၂၀၉,၂၁၅,၀၀၀ ခု၊ အိန္ဒိယရူပီးငွေ ၁၆၀,၀၀၀၊ စောင့်ကြည့်ရုပ်မြင်သံကြားကင်မရာရှစ်ခု၊ မိုဘိုင်းဖုန်း ၉၂ လုံး၊ Notebook ကွန်ပျူတာ သုံးခု၊ အိုင်ပက်တစ်ခုနှင့် ကတ်အလောင်းအစားစက် သုံးခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

Ref——Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *