၁. ၅. ၂၀၂၃
Written By Thandar

ကိုယ်ချစ်ရတဲ့သူတွေကို အမ်းတယ်ဆိုတဲ့စကားက နားဝင်မချိုဘဲ အရမ်းရိုင်းပြီး တကယ်တမ်းတော့ မေတ္တာကြေး သဒ္ဓါကြေး ပေးတာပါလို့ ပရိသတ်ချစ်ခင်မှုကို အခိုင်အမာရထားတဲ့ မိတ်ကပ်ပညာရှင် လင်းလင်းက ဆိုပါတယ်။

“တကယ်တော့ အမ်းတယ်ဆိုတဲ့စကားက အရမ်းရိုင်းတယ်လေ။ အချင်းချင်း မုန့်တစ်ခုသွားစားလို့ ကိုယ့်ပိုက်ဆံရှင်း လိုက်တယ်ဆိုတာက သဒ္ဓါတာလေ။ ကိုယ့်မောင်လေးတွေဆိုလည်း အင်္ကျီဝယ်တာတို့ မုန့်သွားစားတာလည်း သဒ္ဓါကြေးလို့ခေါ် တယ်။ အမ်းတယ်ဆိုတဲ့ စကားက နားဝင်မချိုဘူး။ ရိုင်းတယ်လေ။ တကယ်တော့ မေတ္တာကြေး၊ သဒ္ဓါကြေးပေးတာပါ။ နားထောင်လို့လည်း ကောင်းတယ်လေ။ လင်း ကျောင်းတုန်းကဆို ချောတဲ့ကောင်လေးတွေကို အာလူးကြော်လိုက်ကျွေးပြီး အမ်းဖူးပါတယ်။ နာမည်မကြီးခင် ဉာဏ်တိမ်တဲ့ အချိန်က အမ်းတယ်ပေါ့။ အခုချိန်မှာ အမ်းတယ်မခေါ်တော့ဘူး မေတ္တာသဒ္ဓါကြေးပေါ့။ သဒ္ဓါစာပေါ့နော်”လို့ မိတ်ကပ်ပညာရှင် လင်းလင်းက ပြောပါတယ်။

လင်းလင်းက အဆိုတော်ဖြိုးမြတ်အောင်နဲ့အတူ ဘုရားတွေ တစ်ယောက်တစ်ဆူဆီတည်ထားပြီး ရှေးဟောင်းစေတီတွေကိုပြန်လည်ပြုပြင်နေလျှက်ရှိပါတယ်။ လင်းလင်းဟာ အသက်အရွယ်တစ်ခုကို ရောက်လာတဲ့အတွက် ဘာသာတရားတွေ ပိုလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အရင်က ပြည်စုံတဲ့ဘဝက လာခဲ့တာမဟုတ်တဲ့အတွက် လက်ရှိမှာ မပြည်စုံတဲ့သူတွေ၊ အရမ်းအခက်အခဲဖြစ်နေသူ တော်တော်များများကို လိုအပ်နေသူတွေကို အလှူအတန်းတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“လင်းက လူတိုင်းကို ရင်ထဲရှိတဲ့အတိုင်း ဆက်ဆံတတ်တယ်။ လူတွေတွေမှာ မေတ္တာ၊ စေတနာထားတာတွေက ဘယ်အရာမှ ဝယ်ယူလို့လည်း မရပါဘူး။ အတုအယောင်တွေပေးမယ့်အစား အစစ်အမှန်တွေနဲ့ ရိုးသားစွာ ဆက်ဆံပေးလို့ လင်းဆီ ချစ်ခြင်းမေတ္တာတွေ ပြန်ရတယ်လို့ ထင်ပါတယ်။ လင်းရဲ့ အင်တာဗျူးကြည့်ပြီး တခဏ စိတ်သက်သာရာရတယ်၊ ပျော်ရွှင်ရတယ်ဆိုတဲ့ Comment လေး ဖတ်ရလို့ ကြည်နူးမိတယ်။ ချစ်ပေးကြလို့လည်း လင်းအရမ်းကို ပီတိလည်းဖြစ်ရတယ်။ ပျော်ရွှင်ရပါတယ်”လို့ လင်းလင်းက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *