ဓာတ်ပုံ -ပုလဲအရန်မီးသတ်တပ်ဖွဲ့

၁. ၅. ၂၀၂၃
Written by Hey Mar

ယမန်နေ့ ဧပြီလ ၃၀ ညနေ ၅ နာရီအချိန် စက်ရုံဆင်းချိန်၌ လမ်းဖြတ်ကူးသူ မင်္ဂလာဒုံစက်မှုဇုန်မှ လုပ်သားအမျိုးသမီးတစ်ဦး ကားတိုက်ကာ တက်ကြိတ်ခံရ၍ နေရာတွင်သေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမ ပုလဲလမ်းဆုံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ပုလဲမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမ ပုလဲလမ်းဆုံအနီးမီးပွိုင့်ရှိ ကွေ့ကြောတွင် စက်ရုံအလုပ်သမ ၃ ဦး ကားလမ်းဖြတ်ကူးရာမှ တစ်ဦးမှာ ကားလမ်းအလယ်တွင် ရပ်လျှက် ကျန်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်မှ တဆင့်သိရသည်။ လမ်းလေးခွ ဆုံရာမီးပွိုင့်ဖြစ်သဖြင့် တစ်ဖက်ကွေ့ကြောမှ မီးပွိုင့်ဖြတ်လာသော YBS 92 မီနီဘတ်စ်ကားမှ ရပ်ထားသည့် လိုင်းကားကို ကျော်တက်မောင်းနှင်သည့်အတွက် ကားလမ်းအလယ်တွင် ရပ်လျှက်ကျန်ခဲ့သည့် အဆိုပါအမျိုးသမီးအား တိုက်မိကာ ဦးခေါင်းတက်ကြိတ်မိသဖြင့် အမျိုးသမီးမှာ နေရာတွင် သေဆုံးခဲ့သည်ဟု သိရသည်။

“သေတဲ့မိန်းကလေးက ၂၀ကျော်ပဲ။ မင်္ဂလာဒုံမှာ အဒေါ်တွေနဲ့အတူနေပြီး စက်ရုံဆင်းနေတာ။ ဇာတိက မုံရွာကလို့ သိရတယ်။ ရုပ်အလောင်းကိုတော့ မနေ့က အင်းစိန်ဆေးရုံကို ပို့လိုက်ပါတယ်”ဟု ပုလဲအရန်မီးသတ်မှ တာဝန်ရှိသူက MT News ၏ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *