MT News

Written by Nay Aung

အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့ပေးမှုဖြင့် တည်ဆောက်ထားသော စစ်တွေရေနက်ဆိပ်ကမ်းကို လာမည့် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး ရေကြောင်းဆိုင်ရာလုပ်ငန်းများစတင်လည်ပတ်ဖွယ်ရှိနေကြောင်း သိရသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ထားသောဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိ ကုလားတန်းဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအစိတ်အပိုင်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းတည်ဆောက်ရန် အိန္ဒိယနိုင်ငံက ပံ့ပိုးကူညီပေးထားသည်။ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ Syama Prasad Mooker ဆိပ်ကမ်းမှ သင်္ဘောများသည် မေလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းသို့ ရေကြောင်း ပြေးဆွဲမှုများ စတင်လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါ သင်္ဘောတွင် အိန္ဒိယဆိပ်ကမ်း၊ သင်္ဘောနှင့် ရေကြောင်းသွားလာရေး ဝန်ကြီး Sarbananda Sonowal ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လိုက်ပါမည်ဖြစ်ကာ မေလ ၉ ရက်နေ့တွင် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားပြီးဆိပ်ကမ်းဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရနှင့် နီးစပ်သောသတင်းရင်းမြစ်များက ပြောသည်။

စစ်တွေဆိပ်ကမ်းဖွင့်လှစ်လိုက်ခြင်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုတိုးမြင့်လာဖွယ်ရှိနေကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် စစ်တွေဆိပ် ကမ်းတည်ဆောက်ခြင်း၊ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်းနှင့် ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများပါဝင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းပြီးဆုံးပါက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများနှင့် မြန်မာနိုင်ငံအနောက်ပိုင်းဒေသများကြား ဆက်သွယ်မှုနှင့် ကုန်သွယ်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်တွေရေနက်ဆိပ်ကမ်းသည် ကုလားတန်မြစ်ဝတွင်တည်ရှိပြီး အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၁၂၀သန်း အကုန်ခံကာတည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်စေရန်အတွက် အဓိကအရေးပါမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်တွေရေနက်ဆိပ်ကမ်းဖွင့်လှစ်မှုနှင့်အတူ ဘင်္ဂလားပင်လယ်ကို ဖြတ်သန်းပြီး အိန္ဒိယ ကလကတ္တားမြို့ရှိဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းအကြား ကုန်စည်သင်္ဘောများ တိုက်ရိုက်ချိတ်ဆက် ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref —- indiashippingnews.

Leave a Reply

Your email address will not be published. Required fields are marked *