မင်္ဂလာစျေးရှိ လျှပ်စစ်ပစ္စည်းဖြန့်ဖြူးသည့်အရောင်းဆိုင်တစ်ခုမြင်ကွင်း

MT News

Written by Thettant

ရာသီဥတုပူပြင်းလာမှုနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အားသွင်းပန်ကာများနှင့် ဆိုလာပန်ကာများ ဝယ်လိုအားများပြားနေသည့်အပြင် စျေးနှုန်းမြင့်တက်မှုများပါဖြစ်ပေါ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ဝင်ရောက်လာနေသည့် ဆိုလာပန်ကာများမှာ စျေးကွက်အတွင်း စတင်ဝင်ရောက်ချိန်က ကျပ် ၅၀၀၀၀ မှ ကျပ် ၁၀၀၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကျပ် ၇၀၀၀၀ ပတ်ခြာလည်မှ ကျပ် ၁၄၀၀၀၀ ပတ်လည်အထိ စျေးနှုန်းမြင့်တက်လာကြောင်း မင်္ဂလာစျေးရှိ လျှပ်စစ်ပစ္စည်းဖြန့်ဖြူးသည့် အရောင်းဆိုင်များမှ သိရသည်။

ဆိုလာပန်ကာများတွင် LED မီးပါဝင်ခြင်း၊ Bluetooth၊ FM ​အပြင် ဖုန်းအားသွင်းနိုင်ခြင်း စသည်ကြောင့် ပိုမိုဝယ်လိုအားများသော်လည်း အားသွင်းပန်ကာများမှာမူ ပါဝါဘဏ်ထပ်မံဝယ်ရခြင်းကြောင့် ဝယ်လိုအားနည်းသလို အသေးစားများသာအဝင်များပြီး ကျပ် ၂၀၀၀၀ မှ ၅၀၀၀၀ အတွင်း ပေါက်စျေးရှိကြောင်း သိရသည်။

“အဝင်များ၊ အဝယ်များတာက Fusu တို့၊ Easy Power တို့၊ Mino တို့ SKG တို့ Solar Fan တို့ပေါ့။ ဝင်ကာစက စားပွဲတင်ရော မတ်တပ်ရပ်ပန်ကာရောက ၅၀၀၀၀ နဲ့ တစ်သိန်းကြားပဲ။ အခုက ၆၅၀၀၀ ပတ်လည်နဲ့ ၁၄၀၀၀၀ ပတ်လည်ပဲ။ မီးကအမြဲပြတ်နေပြီး မလာသလောက်ဖြစ်နေတော့ ဆိုလာပန်ကာက ပိုလူကြိုက်များတယ်။ အားသွင်းပန်ကာကတော့ ပါဝါဘဏ်ပါ လိုက်ဝယ်ရတယ်လေ။ ပါဝါဘဏ်ကလည်း တစ်ခုကို ၂၀၀၀၀၊ ၃၀၀၀၀ ဆိုတော့ ဆိုလာပဲပိုလူကြိုက်များတယ်။ ဒါပေမဲ့လည်း ရိုးရိုးပန်ကာတွေ မရောင်းရသလောက်ဖြစ်လာချိန်မှာ ဆိုလာပန်ကာနဲ့ Rechargeable ပန်ကာကတော့ အခုအချိန်မှာ အရောင်းအသွက်ဆုံးပဲ” ဟု မင်္ဂလာစျေးရှိ လျှပ်စစ်ပစ္စည်းအရောင်းဖြန့်ချိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်၊ ချောက် စသည့်မြို့နယ်များသည် ဒေသတွင်းနှင့် ကမ္ဘာ့အပူရှိန်အမြင့်ဆုံးမြို့များတွင်ပါဝင်နေပြီး ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အကြား ပူပြင်းနေပြီး ထိုပူပြင်းမှုများကြောင့် တိုက်ခန်းနှင့်နေထိုင်သူများ သေဆုံးမှုများနှင့် အရေးပေါ်ကုသမှုခံယူရမှုများလည်း ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *