MT News

Written by Nay Aung

ယခုနှစ်ဆန်းပိုင်းအတွင်း မြန်မာနိုင်ငံ၏ကားထုတ်လုပ်မှုသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် သိသိသာသာ ကျဆင်းလာခဲ့ကြောင်း အာဆီယံကား အသင်းအဖွဲ့ချုပ် (AFAA)၏ ပြီးခဲ့သောရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ သုံးလတာကာလအတွင်း ကားအစီးရေ စုစုပေါင်း ၇၂ စီးသာထုတ်လုပ်နိုင်ခဲ့ပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ ထုတ်လုပ်ခဲ့သော ကားအစီးရေနှင့်နှိုင်းယှဉ်ပါက ၉၅ ရာခိုင်နှုန်းကျော် လျော့နည်းကျဆင်းခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ ၁၆၄၄ စီးထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ထုတ်လုပ်မှုများ သိသိသာသာကျဆင်းသွားခဲ့ခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ကားအရေအတွက် ၈ စီး၊ ဖေဖော်ဝါရီလတွင် ကားအစီးရေ ၄၁ စီး၊ မတ်လတွင်ကားအစီးရေ ၂၃ စီး သာထုတ်လုပ်နိုင်ခဲ့ပြီး အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲတွင် ကားထုတ်လုပ်မှု အနည်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

AFAA သည် အာဆီယံဒေသအတွင်းရှိ နိုင်ငံ ၆ နိုင်ငံ၏ ကားထုတ်လုပ်နိုင်မှုအခြေနေကို လအလိုက်ဖော်ပြခဲ့ရာ ထိုင်းနိုင်ငံက သုံးလအတွင်း ကားအစီးရေ ၅၀၇၇၈၇ စီး၊ ဗီယက်နမ်က ၃၈၄၁၀ စီး၊ ဖိလစ်ပိုင်က ၃၀၅၈၂ စီး၊ မလေးရှားက ၁၉၆၃၉၄ စီး၊ အင်ဒိုနီးရှား ၃၉၂၇၄၃ စီးထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

အာဆီယံဒေသအတွင်းရှိ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာနိုင်ငံတို့ ၏ ၂၀၂၃ ခုနှစ်ဇန်နဝါရီလမှ မတ်လကုန်အထိ သုံးလအတွင်းထုတ်လုပ်နိုင်သော ကားအစီးရေသည် ၁၁၆၇၉၈၈ စီးထုတ်လုပ်နိုင်ခဲ့ ပြီး ၂၀၂၂ခုနှစ်ပထမ သုံးလအတွင်း ထုတ်လုပ်နိုင်သော ကားအရေအတွက်ထက် အနည်းငယ်များနေခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် အာဆီယံဒေသအတွင်းရှိ နိုင်ငံ ၆ နိုင်ငံအနက် ကားအစီးရေအများဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက အနည်းဆုံး နိုင်ငံအဖြစ်ရပ်တည်လျက်ရှိသည်။

Ref —-AFAA

Leave a Reply

Your email address will not be published. Required fields are marked *