April 25, 2024

၂၉. ၄. ၂၀၂၃

Written by Nay Aung

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းကျင်းပမည့် ၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ဖိတ်ကြားမည်ဖြစ်သော်လည်း ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံရေးနှင့်မပတ်သက်သောသူကိုသာ စေလွတ်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေးကို မေလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ရာ လက်ရှိအချိန်အအင်ဒိုနီးရှားအစိုးရက ကြိုတင်ပြင်ဆင်နေချိန် ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးကို အပိုင်းနှစ်ပိုင်း ကျင်းပမည်ဖြစ်ပြီး မျက်နှာစုံညီ အစည်းအဝေးအပိုင်းနှင့် Retreat Session အစည်းအဝေးပိုင်းတို့ဖြစ်ပြီး Retreat Session အစည်းအဝေးအပိုင်းတွင် မြန်မာနိုင်ငံနှင့် အာဆီယံခေါင်းဆောင်များကြား ရရှိထားသော အာဆီယံသဘောတူညီချက်ငါးချက်ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီးရက်နိုမာဆူဒီက ပြောသည်။

အာဆီယံခေါင်းဆောင်များအနေဖြင့် အာဆီယံသဘောတူညီချက် ငါးချက်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကိုယ်တိုင်ကလည်း အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့နိုင်ငံရေးအခြေအနေများကို ထည့်သွင်းဆွေးနွေးရန် တောင်းဆိုထားကြောင်းအင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

၎င်းက” အာဆီယံခေါင်းဆောင်အဖြစ် တာဝန်ယူထားခြင်းကြောင့် အင်ဒိုနီးရှားဟာ စေ့စပ်ဆွေးနွေးနိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်း နှစ်ခုကို ဖွင့်လှစ်ထားတယ်။ မြန်မာနိုင်ငံရှိအဖွဲ့စည်းများရဲ့ ရပ်တည်ချက်များ မတူကွဲပြားမှုတွေကို အဆုံးသတ်နိုင်ဖို့ တံတားအဖြစ် ပေါင်းကူးပေးနိုင်အောင် ကြိုးပမ်းနေပါတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံရှိအဖွဲ့အစည်းများရဲ့အမြင်တွေကို နားထောင်မှာလည်းဖြစ်ပါတယ်” ဟု ရက်နိုမာဆူဒီက ပြောသည်။

Ref —- antaranews

Leave a Reply

Your email address will not be published. Required fields are marked *

Related News