၂၉. ၄. ၂၀၂၃

Written by Thettant

မြန်မာနိုင်ငံသားများဘဏ်(MCB) ၏ နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲ ၅၀ တွင် အာမခံဝန်ဆောင်မှုထုတ်ကုန်များရောင်းချရန် MCB နှင့် Capital Taiyo Life Insurance Company- CTLI တို့ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

MCB နှင့် CTLI တို့သည် Bancassurance Agreement အား ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံဘားမြို့နယ်၊ ၃၇ လမ်းရှိ MCB ဘဏ်၏ ရုံးချုပ်၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။ အဆိုပါသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် CTLI ၏ အာမခံ ဝန်ဆောင်မှုထုတ်ကုန်များကို မြန်မာနိုင်ငံတဝှမ်းရှိ MCB ဘဏ်၏ ဘဏ်ခွဲပေါင်း ၅၀ တွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

MCB ဘဏ်၏ Customers များသည် အသက်အာမခံဝန်ဆောင်မှုများကို MCB ဘဏ်၏ ကောင်တာများ၌ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ အလွယ်တကူဝယ်ယူနိုင်မည်ဖြစ်ပြီး ပရီမီယံကြေးများကိုလည်း အလွယ်တကူ ပေးဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် အာမခံဝန်ဆောင်မှု ထုတ်ကုန်များဖြစ်သော အသက်အာမခံ။ Endowment Life Insurance ကျန်းမာရေးအာမခံ၊ Group Life Insurance နှင့် တစ်ကိုယ်ရေမတော်တဆမှုဆိုင်ရာအာမခံ စသည့် အာမခံဝန်ဆောင်မှုထုတ်ကုန်များကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် အသက်အာမခံထားရှိသူဦးရေသည် နိုင်ငံလူဦးရေ၏ ၁ ရာခိုင်နှုန်းခန့်သာ ရှိသည်။ မြန်မာနိုင်ငံတွင် အသက်အာမခံထားရှိသည့် လူဦးရေသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေပြီး အဆိုပါအချက်မှာ အသက်အာမခံဝန်ဆောင်မှုထုတ်ကုန်များအား ပိုမိုရောင်းချနိုင်ရန် အခွင့်အလမ်းကောင်းများရှိနေသည်ဟု ဖော်ပြနေခြင်းပင်ဖြစ်သည်။

Bancassurance ဆိုသည်မှာ ဘဏ်၏ လက်ရှိဝန်ထမ်းအင်အားဖြင့် အာမခံဝန်ဆောင်မှုများကို ရောင်းချရန်နှင့် Customer များကို ထပ်တိုး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အကောင်းဆုံးဖြေရှင်းနည်းလမ်းများအနက် တစ်ခုဖြစ်သည်။ MCB ဘဏ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်ခဲ့သည့် ဘဏ်တစ်ခုဖြစ်ပြီး Yangon Stock Exchange ၌ စာရင်းသွင်းထားသည့် ဘဏ်နှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် MCB ဘဏ်သည် အခြားဘဏ်များနှင့်အတူ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ပိုမိုဆန်းသစ်တီထွင်ထားသော နည်းလမ်းများဖြင့် ခေတ်နှင့်လျော်ညီသော ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုထုတ်ကုန်များကို ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိသည်။ Capital Taiyo Life Insurance သည် ဂျပန်နိုင်ငံရှိ Taiyo Life Insurance Company နှင့် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ ထိပ်တန်းအသက်အာမခံကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။

Myanmar Insurance Association (MIA) ၏ ထုတ်ပြန်ချက်အရ Capital Taiyo Life Insurance သည် ငွေစုအသက်အာမခံစောင်ရေ ရောင်းအားအကောင်းဆုံး အာမခံလုပ်ငန်းအဖြစ် သုံးကြိမ်ဆက် No(1) Bestseller ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအထိ တစ်ကြိမ် ၊ ဇူလိုင်မှ စက်တင်ဘာလအထိ တစ်ကြိမ်၊ အောက်တိုဘာမှ ဒီဇင်ဘာအထိတစ်ကြိမ်၊ စုစုပေါင်း ငွေစုအသက်အာမခံ စောင်ရေရောင်းအားအကောင်းဆုံးအဖြစ် No(1) Bestseller သုံးကြိမ်ဆက် ရရှိထားသည်။

အာမခံဝန်ဆောင်မှုများသည် မိသားစု၏ အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ငွေကြေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ငွေစုဆောင်းခြင်းအလေ့အထကို မွေးမြူပေးနိုင်ပြီး မျှော်လင့်မထားသော ကိစ္စရပ်များကြောင့် ငွေကြေးဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်အောင် ကူညီပေးနိုင်မည်ဖြစ်ကြောင်းလည်း MCB က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *