MT News

Written By Thandar

MRTV-4 ရုပ်သံမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီး ပိုးကြာဖြူခင် စိတ်ဓာတ်ကျခဲ့ရတဲ့အချိန်အားငယ် သိမ်ငယ်ပြီး လမ်းပျောက်နေတဲ့အချိန် လူယုတ်မာတွေလက်က အမှောင်ထဲကနေ မေတ္တာနဲ့ ဆွဲထုတ်ပေးခဲ့သူက ဒီနေ့မှ တွေ့ဆုံမှု ငါးလပြည့်တဲ့ ခင်ပွန်းပါလို့ ဆိုပါတယ်။

ဧပြီ ၂၈ ရက်ဟာ သူမရဲ့ ခင်ပွန်း PK Tun နဲ့တွေ့ခဲ့တာ (၅) လပြည့်တဲ့နေ့လေးဖြစ်တယ်လို့လည်း သိရပါတယ်။ ပိုးကြာဖြူခင်ဟာ မကြာသေးခင်ကမှ ချစ်ခင်ပွန်းနဲ့ လက်ထပ်ခဲ့ပြီး သာယာတဲ့အိမ်ထောင်ရေး ဘဝကို စတင်နေသူပါ။ ပိုးကြာဖြူခင်က ခင်ပွန်းဖြစ်သူဟာ သူမကို အကိုအရင်းလို သူငယ်ချင်းလို စောင့်ရှောက်ပေးခဲ့တဲ့သူဖြစ်လို့ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“တချို့ကပြောကြမယ်။ တွေ့ကြတာတောင် ၄ လကျော်နဲ့ ဒီယောက်ျားတစ်ယောက်ကို ဘယ်လိုကြောင့်များ ယုံကြည်ပြီး ဘဝတစ်ခုလုံး ပုံပေးခဲ့ရတာလဲပေါ့။ ကြုံဖူးခဲ့တယ်။ နှစ်တွေ လတွေ အကြာကြီးတွဲလည်း ဖောက်ပြန်ခံရတာတွေ စိတ်ဒဏ်ရာ ရခဲ့ရတာတွေ သိပ်ကြုံဖူးခဲ့တာပေါ့။ နှစ်ကြာမှရယ် မဟုတ်ဘူး။ ကိုယ့်အပေါ် မေတ္တာရှိရင် တန်ဖိုးထားရင် တကယ်ချစ်ရင် ကိုယ့်စိတ်ကကို အလိုလိုသိတယ်။ ယုံကြည်တယ်။ လပိုင်းလေးနဲ့လည်း ယုံကြည်ပြီး လက်ထပ်သွားနိုင်တယ်။ ကျွန်မ စိတ်ဓာတ်ကျခဲ့ရတဲ့အချိန် အားငယ် သိမ်ငယ် ပြီး လမ်းပျောက်နေတဲ့အချိန် အမှောင်ထဲကနေ သူ့မေတ္တာတွေနဲ့ ဆွဲထုတ်ပေးခဲ့တယ်။ လမ်းမှန်ပေါ်ရောက်အောင် ဆွဲခေါ် နိုင်ခဲ့တယ်။ လူယုတ်မာတွေ လက်ကနေ အမုန်းခံပြီးကို သူရအောင် ဆွဲထုတ်ခဲ့တယ်”လို့ သရုပ်ဆောင် ပိုးကြာဖြူခင်ကပြောပါတယ်။

သူမ ခင်ပွန်းဖြစ်သူဟာ သူမချစ်တဲ့အရာတိုင်းကို လိုက်ချစ်ပေးခဲ့တာကြောင့် ခင်ပွန်းရဲ့အတိတ်တွေကိုလည်း လက်ခံပေးခဲ့ပြီး ရုပ်မချောတာမှန်ပေမယ့် စိတ်ထားအရမ်းလှတဲ့သူဖြစ်တာကြောင့် ပိုခင်တွယ်မိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ခင်ပွန်းရဲ့သားသမီးလေးတွေကိုလည်း အရမ်းချစ်ကြောင်းနဲ့ ဒီမိသားစုနဲ့ဆုံရတာ သူမအတွက် အလွန်ကံကောင်းကြောင်း ပရိသတ်ကြီးကို ပြောပြခဲ့ပါတယ်။

“ကျွန်မ သူ့အပေါ် အကြိမ်ကြိမ် အနိုင်ယူခဲ့တယ်။ စိတ်မကြည်တိုင်း စိတ်ဆိုးတိုင်း အော်မိတယ်။ ခဏခဏ ပစ်ထားခဲ့တယ်။ အမြဲ ကလေးဆန်ခဲ့တယ်။ ဒါပေမယ့် သူ ကျွန်မ ဘယ်လို ဆိုးဆိုး ဘယ်တော့မှ အနားက ထွက်မသွားဘဲ ဘေးမှာအမြဲ ဖေးမခဲ့တယ်။ အဖေမရှိတော့တဲ့နောက်ပိုင်း ကျွန်မစိတ်က ပိုကလေးဆန်တတ်လာတယ်။ ပိုဆိုးလာတယ်။ ပိုအားငယ်တတ်တယ်။ ကျွန်မ အမျိုးသားက ဒီ စိတ်ဒဏ်ရာတွေကို သူ့အချစ်တွေ ဂရုစိုက်မှုတွေနဲ့ ကုစားပေးခဲ့တယ်။ ကျွန်မကိုတင်မကဘူး ကျွန်မ မိသားစုကိုရော။ ကျွန်မ ခွေးလေးတွေကိုပါ သူချစ်တယ် “လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *