ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ “ထိပ်တန်း”ရွှေဆိုင် နေ့ခင်းကြောင်တောင်အနုကြမ်းစီးခံထားရပြီး တစ်မြို့နယ်တည်းပင် ဆယ်ရက်အတွင်း နှစ်ကြိမ်လုယက်ခံရခြင်းဖြစ်

၂၈. ၄. ၂၀၂၃
Written by Min Mahat

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “ထက်ဝေယံ”ရွှေဆိုင် နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရပြီး ကျပ်သိန်း၂၅၀၀ ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ လုယက်ခံရမှု ယနေ့မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊(ဇ) ရပ်ကွက်ရှိ အသက် ၃၆ နှစ်အရွယ်ခန့်အမျိုးသမီးတစ်ဦးပိုင်ဆိုင်သည့်”ထက်ဝေယံ”ရွှေဆိုင်တွင် ဧပြီ ၂၈ ရက်နေ့မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က စက်မှု(၁) စျေးအတွင်းမှ ခြေလျင်လမ်းလျှောက်လာသော အမည်မသိအမျိုးသား ၂ ဦးသည် သေနတ်အတိုကိုယ်စီကိုင်ထား၍ ဆိုင်သို့ရောက်လာကာ ၎င်းတို့ထဲမှတစ်ဦးက နံရံအားသေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ပြီး ဝန်ထမ်းများအားအောက်သို့မှောက်ခိုင်းကာ နောက်တစ်ဦးမှ ၎င်းတို့ယူဆောင်လာသော တစ်ပေခွဲခန့်ရှိသည့် ဓားတို ၁ ချောင်းဖြင့် မှန်ကောင်တာအားထုခွဲပြီးနောက်ကောင်တာတွင်းရှိ ကျပ်သိန်း ၂၅၀၀ ကျော်ခန့်တန်ဖိုးရှိသောရွှေထည်ပစွည်းမျိုးစုံကို အသင့်ပါလာသည့် ဆာလာအိတ်ထဲထည့်ကာ စျေးအတွင်းပြန်လည်ဝင်သွားပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းအနုကြမ်းစီးသူများသည် ဗန်း ၆ ဗန်းထဲမှ ရွှေဆွဲကြိုးဆိုတ်စုံ ၁၈ ကုံး၊ ရွှေနားကပ် ၃၈၀ ရံ၊ ရွှေနားဆွဲ ၉၀ ခုခန့် ၊စုစုပေါင်းရွှေ  ၉၀ ကျပ်သားခန့်(ခန့်မှန်းကာလတန်ဖိုးကျပ်သိန်း၂၅၂၀ကျော်) အားလုယက်သွားကြောင်း ရွှေဆိုင်ပိုင်ရှင်ပြောပြချက်အရ သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် THAI ARMY 9MM ကျည်ခွံ ၁ ခု သိမ်းဆည်းရမိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၌ပင် ထိပ်တန်း”ရွှေဆိုင်တွင် ယခုလိုနေ့ခင်းကြောင်တောင်အချိန်၌ပင် အနုကြမ်းစီးခံရပြီးကျပ်သိန်း ၂ ထောင်ကျော်ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံအား လုယက်သွားကြောင်း သိရသည်။

#မန္တလေး #Mandalay #ပြည်ကြီးတံခွန်
#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *