April 25, 2024

၂၈. ၄. ၂၀၂၃
Written by Pan Ei

ရေအေးသည် နားအတွင်းပိုင်းရှိ သွေးလည်ပတ်မှုအတွက် လုပ်ဆောင်ပေးသည့် သွေးကြောများကို ကျဉ်းစေနိုင်ပြီး ရုတ်တရက် ပြင်းထန်သည့် အကြားအာရုံချို့ယွင်းမှုကို ဖြစ်ပေါ်စေနိုင်ကာ မကြာသေးမီက ဗီယက်နမ်နိုင်ငံမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် ညအချိန်တွင် ရေအေးနှင့် ရေချိုးနေစဉ် ဘယ်ဘက်နားမှာ ရုတ်တရက် အကြားအာရုံ ဆုံးရှုံးသွားခဲ့ပြီး နှစ်ရက်အတွင်း အကြားအာရုံ သိသိသာသာ ချို့ယွင်းသွားခဲ့ရသည်။

ဗီယက်နမ်ရှိ Hong Ngoc အထွေထွေရောဂါကုဆေးရုံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် အဆိုပါ အမျိုးသား၏ အကြားအာရုံ ဆုံးရှုံးရခြင်းမှာ ညဘက်တွင် ရေချိုးလေ့ရှိသည့် သူ၏ ပုံမှန်အမူအကျင့်ကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

ဆရာဝန်များ၏ အဆိုအရ ယခုကဲ့သို့ ရောဂါများအတွက် သင့်လျော်သည့်ကုသမှုကာလသည် ပုံမှန်မဟုတ်သည့်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် ၂၄ နာရီမှ ၄၈ နာရီအတွင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေအနေမျိုးတွင် လူနာသည် အကြားအာရုံဆုံးရှုံးမှုကို သတိပြုမိပြီးနောက် ချက်ချင်းဆိုသလို ဆေးကုသမှုအကူအညီကို မရှာဖွေပါက ကုသမှုအတွက် အရေးကြီးသောအချိန်ကို လွတ်သွားစေနိုင်ပြီး အကြားအာရုံပျက်စီးမှုဖြစ်နိုင်ခြေကို ပိုမိုတိုးလာစေနိုင်မည်ဖြစ်သည်။

အဆိုပါ ဗီယက်နမ်အမျိုးသားကို ဆေးထိုးခြင်းနှင့် ဆေးသောက်ခြင်းစသည့် ရိုးရာနည်းလမ်းများအစား ဆရာဝန်များသည် နား၏အပေါက်မှတစ်ဆင့် ကော်တီကိုစတီရွိက်ဆေးထိုးခြင်းကို ညွှန်ကြားခဲ့ပြီး ထိုကုသမှုသည် နားအတွင်းပိုင်းရှိ သွေးလည်ပတ်မှုကို ကောင်းမွန်စေသလို ပျက်စီးနေသော အာရုံကြောဆဲလ်များကို ပြုပြင်ပေးနိုင်ကာ ခုနစ်ရက်ကြာ ကုသမှုခံယူပြီးနောက် လူနာအမျိုးသား၏ အကြားအာရုံ အခြေအနေမှာ ကောင်းမွန်လာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ရုတ်တရက် အကြားအာရုံချို့ယွင်းခြင်းသည် နားတစ်ဖက်တွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး နံနက်အိပ်ရာထချိန်တွင် အသိသာဆုံးဖြစ်ကြောင်း ဆေးပညာရှင်များက ဆိုသည်။

အသက်အရွယ်မရွေး လူကို ထိခိုက်စေနိုင်သည့် အကြားအာရုံဆုံးရှုံးခြင်း၊ နားပိတ်ခြင်း၊ မူးဝေခြင်း သို့မဟုတ် နားအတွင်း ဖိအားများခြင်းကဲ့သို ပုံမှန်မဟုတ်သော လက္ခဏာများ ခံစားရပါက သင့်လျော်သောရောဂါရှာဖွေခြင်းနှင့် သင့်လျော်သောကုသမှုအတွက် ဆေးရုံ၊ ဆေးခန်းများမှ ဆေးဘက်ဆိုင်ရာအကူအညီရယူရန် အရေးကြီးကြောင်း ထိုဗီယက်နမ်အမျိုးသား၏ ဇာတ်လမ်းက မီးမောင်းထိုးပြခဲ့သည်။

ထို့ပြင် ရေအေးအသုံးပြုကာ ရေချိုးခြင်းအလေ့အထကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးအန္တရာယ်များနှင့် အထူးသဖြင့် ညဘက်တွင် ရေအေးနှင့် ရေချိုးခြင်းသည် ပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သောကြောင့် သတိပြုရန် လိုအပ်ပေလိမ့်မည်ဖြစ်သည်။

Ref; Newsbeezer

Leave a Reply

Your email address will not be published. Required fields are marked *