◾️”အောင်စည်တော်စစ်ဆင်ရေး”အရ အဖေကိုယ်စားဝင်လုပ်ပေး၍ သားဖြစ်သူကို သတ်ခြင်းဖြစ်ကြောင်း AST-MDY PDF အဖွဲ့ ပြော

၂၈. ၄. ၂၀၂၃
Written by Min Mahar

ဖခင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာ သားဖြစ်သူက ဝင်လုပ်နေသည်ဟု AST-MDY အဖွဲ့ကစွပ်စွဲပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူအား အောင်စည်တော် စစ်ဆင်ရေးအရဟုဆိုကာ ပစ်ခတ်သတ်ဖြတ်မှု ယမန်နေ့ညနေက ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်း မြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက် ညနေ ၅ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၃၉ နှစ်အရွယ် ကိုဆန်းယုမောင်သည် နေအိမ်အတွင်းရှိ ရေအိုးစဉ်၌ ရေသောက်နေစဉ် ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိအမျိုးသား ၄ ဦးရောက်လာပြီး သေနတ်ဖြင့် ၆ ချက်ခန့်ပစ်ခတ်ကာ ကျေးရွာလမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းကဲ့သို့ သေနတ်ဖြင့်ပစ်သတ်ခံရသူသည် လက်ကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး၏သားဖြစ်ပြီး ဖခင်ဖြစ်သူကို သတ်မရသည့်အတွက် သားဖြစ်သူအား သတ်ဖြတ်ခြင်းဖြစ်ကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကိုဆန်းယုမောင်တွင် ယာဘက်တံတောင်ကို ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ယာဘက်နံကြားအား ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မန္တလေးနန်းတွင်းစစ်ဆေးရုံသို့ ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ပေးပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ထို့ပြင် အခင်းဖြစ်နေရာအနီးမှ Lugar ကျည်ခွံ ၂ ခု၊ Thai Arm ကျည်ခွံ ၃ ခု၊ CBC ကျည်ခွံ ၁ ခု တို့လည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

” အခုလို NUG လက်အောက်ခံ PDF တွေက တော်လှန်ရေးခေါင်းစဉ်လို့ အမည်တပ်ပြီး ငါနဲ့မတူငါ့ရန်သူလို့ အမြင်သဘောနဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ချင်သလို သတ်ဖြတ်နေတာက သူတို့အဖွဲ့လောက် တရားတဲ့သူမရှိသလို တရားသူကြီးအထာနဲ့လုပ်နေတာတွေက တရားဥပဒေအထက်မှာ သူတို့ကရှိနေတဲ့ပုံစံမျိုးဖြစ်နေပြီလို့မြင်တယ်။ ဘယ်သူ့ဘက်၊ ဘယ်အဖွဲ့စည်းကိုမှ ရပ်တည်ပြီးပြောဆိုနေတာမဟုတ်ဘူး။ ဖြစ်ပျက်နေတာကို အမြင်အရပြောရမယ်ဆိုရင် နိုင်ငံရေးမှာ အမြင်မတူတာလက်ခံလို့ရပေမဲ့ အမြင်ချင်းမတူလို့ဆိုပြီး သတ်ချင်သလို သတ်ဖြတ်နေတာတော့ လက်ခံလို့မရဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဂုဏ်သိက္ခာရှိစွာ မဖြေရှင်းဘဲ ရှေးယခင်က နိုင်ငံရေးအစဉ်အလာသမိုင်းအတိုင်း လက်နက်ကိုင်ပြီးဖြေရှင်းတော့ အခုဘာဖြစ်လာလဲ။ ကိုယ့်နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တိုးလာတာပဲ အဖတ်တင်တော့တယ်။ နိုင်ငံရေးမှာ လက်နက်ကိုင်မှ တော်လှန်လို့ရမယ်ဆိုတဲ့အမြင်၊ လက်နက်ကိုင်မှ လူရာဝင်မယ်ဆိုတဲ့အမြင်တွေဟာ ဆိုးရွားလွန်းတဲ့ အတွေးအခေါ်အယူအဆတွေပဲလို့ မြင်တယ်။ ကြာလေဘယ်သူပဲ အထိနာမလဲ။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေပဲ အထိနာပြီး နိုင်ငံတိုးတက်မှုနောက်ကျသွားတာပဲ အဖတ်တင်တော့မယ်လို့ မြင်မိတယ်”ဟု မြို့ခံနိုင်ငံရေးလေ့လာသူတစ်ဦးက MT News သတင်းဌာနသို့ ၎င်း၏အမြင်ကို ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်ကို AST-MDY ဒေသခံ PDF အဖွဲ့က အောင်စည်တော်စစ်ဆင်ရေးအဖြစ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ကောင်းအုပ်ချုပ်ရေးမှူးသည် သေမှာကြောက်၍ ရှောင်နေသောကြောင့် ၎င်း၏သားဖြစ်သူက အုပ်ချုပ်ရေးမှူးပုံစံအဖြစ် လုပ်ကိုင်နေပြီး ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျနေ၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့ ရေးသားထားသည့်ထုတ်ပြန်ချက်ကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *