ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခံရသည့် ပြည်သူ ၄၀၀၃ ဦးအထိရှိနေကြောင်းနှင့် ရွေးကောက်ပွဲတွင် အနည်းဆုံး ၃၂၅ မြို့နယ် ကျင်းပနိုင်ရန် မျှော်လင့်ထား

၂၈. ၄. ၂၀၂၃
Written by Nay Moe

ရွေးကောက်ပွဲကျင်းပနိုင်မည့်အချိန်အတိုင်းအတာကို ပြောရန်ခဲယဉ်းသေးကြောင်း SAC အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်လ်ဂျားဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသည်။

“ကျွန်တော်တို့ရဲ့ SAC အစိုးရအနေနဲ့ နိုင်ငံတကာမှာရော ပြည်တွင်းမှာရော အာမခံချက်နှစ်ချက်ပေးထားတာရှိတယ်။ နံပါတ်တစ် အာမခံချက်က ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အာမခံတယ်။ နံပါတ်နှစ်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အာမခံတဲ့ ပြည်ထောင်စုစနစ်။ ဒီနှစ်ခုကို ကျွန်တော်တို့ အဓိက အာမခံတယ်။ အဲဒီနှစ်ခုကို ကျွန်တော်တို့က အဓိက ခိုင်ခိုင်မာမာ အာမခံထားတော့ ဒီနှစ်ခုရဲ့ အခြေခံဖြစ်တဲ့ ပထမဦးဆုံးအချက်ရဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျွန်တော်တို့ မဖြစ်မနေကျင်းပပေးမှာဖြစ်တယ်။ အချိန်အတိုင်းအတာမှာတော့ ကျွန်တော်တို့က ပြောဖို့ခဲယဉ်းသေးတယ်။ ဘာလို့ပြောဖို့ခဲယဉ်းသေးလည်းဆိုရင် ကျွန်တော်တို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားတာက တစ်နိုင်ငံလုံးမှာ ပျံ့ပျံ့နှံ့နှံ့ကျင်းပနိုင်ရမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်ရမယ်။ လွတ်လပ်ပြီး တရားမျှတဖို့ဆိုရင် ဒီမဲပေးတဲ့သူတွေကိုယ်တိုင်၊ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ခြိမ်းခြောက်မှုတို့ အကျပ်ကိုင်မှုတို့ ဖိအားပေးမှုတို့ ကင်းလွတ်ရမယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကလည်း အားလုံးက သိရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၀ ဒီမိုကရေစီအသွင်ကူးပြောင်းပြီးနောက်ပိုင်းပေါ့လေ။ အထွေထွေရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့တယ်။ ပထမဦးဆုံးအကြိမ်မှာ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်။ အဲဒီပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့က ၃၂၅ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပတယ်။ ၃၂၅ မြို့နယ် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒါ့ထက်လျော့ပါတယ်။ ၃၂၃ မြို့နယ်ပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒါ့ထက်ပိုပြီးလျော့ပါတယ်။ ကျွန်တော်တို့က အနည်းဆုံးအဆင့် ဘာကိုသွားချင်လဲဆိုတော့ ပထမဦးဆုံး မြို့နယ် ၃၃၀ မှာ လုပ်ပေးဖို့ ရည်ရွယ်တယ်။ ဒါမှမဟုတ်ရင် ပထမဦးဆုံးအခြေအနေဖြစ်တဲ့ မြို့နယ်ပေါင်း အနည်းဆုံး ၃၂၅ မြို့နယ်မှာ လုပ်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့က မျှော်မှန်းတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ အနက် မြို့နယ်ပေါင်း ၁၉၈ မြို့နယ်မှာ အေးချမ်းတည်ငြိမ်ပြီး ၆၇ မြို့နယ်မှာ လုံခြုံရေးအနည်းငယ်ဂရုစိုက်ရမည်ဖြစ်ကာ ၆၅ မြို့နယ်မှာ လုံခြုံရေးပိုမိုဂရုစိုက်ရမည့်အခြေအနေမျိုး ဖြစ်နေပြီး ထိုသို့သော အခြေအနေမျိုးတွင် ရွေးကောက်ပွဲပျံ့ပျံ့နှံ့နှံ့ကျင်းပနိုင်ရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးမှာ အခက်အခဲရှိနေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“၁၉၈ မြို့နယ်ဆိုတော့ ၆၀ ရာခိုင်နှုန်းကျော်က လုံခြုံတယ်ပေါ့။ မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော်က လုံခြုံတယ်ဆိုရင် အဲဒီနေရာတွေ လုပ်ပေးပေါ့။ ကျန်တဲ့နေရာတွေ ခဏချန်ထားဆိုတဲ့ မေးခွန်းမျိုးတွေလည်း ပေါ်တယ်။ ပြီးရင် ၆၇ မြို့နယ်မှာ အကန့်အသတ်နဲ့ လုပ်ပေးပေါ့။ ကျန်တဲ့ ၆၅ မြို့နယ်မှာလည်း လုပ်နိုင်တဲ့နေရာလုပ်ပေါ့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်က တမူထူးခြားပါတယ်။  ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်က ဒီရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကမှ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း လွှတ်တော်ဖွဲ့တယ်။ ပြည်ထောင်စုမှာလည်း လွှတ်တော်ဖွဲ့တယ်။ လွှတ်တော်ဖွဲ့ပြီးရင် ဒီအဖွဲ့တွေကပဲ နိုင်ငံတော်သမ္မတကို အစုအဖွဲ့သုံးဖွဲ့က ရွေးတယ်။ နိုင်ငံတော်သမ္မတကနေ ဝန်ကြီးတွေကိုရွေးတယ်။ အဲဒါအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း အဲဒီကနေ ရွေးတာဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်ဆိုလိုတာက မြန်မာနိုင်ငံအနှံ့က မြို့နယ် ၃၃၀ ဆိုတာက မြန်မာနိုင်ငံအနှံ့က မြို့နယ် ၃၃၀ ကို ဆိုလိုခြင်းဖြစ်တယ်။ ဥပမာ ကယားပြည်နယ်တို့ ချင်းပြည်နယ်တို့ဆိုရင် သူ့ပြည်နယ်နဲ့ တွက်ရင် သူ့မှာက လွှတ်တော်တစ်ရပ်ဖွဲ့စည်းနိုင်တဲ့အနေအထား။ ပြီးရင် အစိုးရတစ်ရပ်ကို ပြည်သူလူထုရဲ့ ဆန္ဒအမှန်နဲ့ ဖွဲ့စည်းနိုင်တဲ့အနေအထားကိုလည်း ကြည့်ရပါတယ်။ တစ်နိုင်ငံလုံးမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ ရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ ကြည့်ရတဲ့ အခက်အခဲတွေရှိတယ်လို့ ပြောချင်ပါတယ်” ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် မဲမသမာမှုဖြစ်စဉ်များကြောင့် အာဏာထိန်းသိမ်းအပြီး ဆန္ဒပြပွဲများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ လက်နက်စွဲကိုင်တိုက်ခိုက်မှုများအထိ အဆင့်မြင့်တက်လာခဲ့ပြီးနောက် ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ ဖြစ်ပေါ်လာသည်။ ထိုသို့ သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာများ၊ ကလေးသူငယ်များနှင့် ပြည်သူများ စုစုပေါင်း သတ်ဖြတ်ခံရမှုများအတွက် ရဲစခန်းတွင် အမှုဖွင့်ထားမှုမှာ ၄၀၀၃ ယောက်(တပ်မတော်နေ့မတိုင်မီ)အထိရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပြီး ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခံရသူ ၄၀၀၃ ယောက်တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအစိုးရထံ အမှုထမ်းနေသည့် ဝန်ထမ်းများမပါဝင်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အခုအချိန်အထိ ကျွန်တော်တို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအစိုးရမှာ အမှုထမ်းနေတဲ့ ဝန်ထမ်းများမပါ။ ဒီနေ့ ဒီအချိန်အထိ ဒလန်ဆိုပြီး သူတို့သုံးနှုန်းနေတဲ့ ဒလန်ဆိုပြီးတော့ စွပ်စွဲပြီး အသတ်ခံရတဲ့ လူပေါင်း၊ ရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားတဲ့စာရင်းအရ ၄၀ဝ၃ ဦးရှိပါတယ်။ သူတို့သည်လည်း အသက်နဲ့ပါပဲ။ သူတို့သည်လည်း ကျွန်တော်တို့ ပြည်သူလူထုပါပဲ။ ဟုတ်ပြီ။ ဟိုဘက်မှာရှိနေတဲ့ ကျွန်တော်တို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF၊ CRPH၊ NUG အဖွဲ့ သူတို့ဟာလည်း ကျွန်တော်တို့နိုင်ငံသားတွေပါပဲ။ ဘယ်နိုင်ငံခြားသားမှ ကျွန်တော်တို့နိုင်ငံအတွက် အချောင်လာ အသေမခံဘူး။ ကျွန်တော်တို့နိုင်ငံသားတွေပဲသေတာ ” ဟုဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံသားများဖြစ်သည်ဟု ခံယူထားသော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများအတွက်မူ လိုအပ်သည့် တုန့်ပြန်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ ထိုသို့ ဆောင်ရွက်ပါက လက်နက်ကိုင်များမှာ ရွာများအတွင်း အရပ်ဝတ်နှင့်နေထိုင်ကြပြီး ပစ်ခတ်တိုက်ပွဲဖြစ်ချိန်တွင် PDF အနိုင်ရပါက PDF များနိုင်သည်ဟု ကြွေးကြော်ကြပြီး ရှုံးနိမ့်ပါက ပြည်သူလူထုကို သတ်ဖြတ်သည်ဆိုသည့် အသံများလွှင့်ထုတ်ကြသဖြင့် ထိုကိစ္စများမှာ ရှုပ်ထွေးကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *