◾️ ဓားထိုးလုယက်ခံရသူ တက္ကစီယာဥ်မောင်း ယနေ့မနက်ပိုင်းတွင် ကွယ်လွန်

၂၇ .၄ .၂၀၂၃
Written by Hey Mar

ဧပြီ ၂၆ ရက် ယမန်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်က မြောက်ဒဂုံပင်လုံအိမ်ယာအတွင်း လူပြတ်သည့်နေရာတွင် Taxi ယာဥ်မောင်းကို ဓားဖြင့် ၉ ချက်ထိုးကာ ကားလုယက်သွားသည့်ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဝန်းရံမှူး(ကြည့်မြင်တိုင်ဟစ်တိုင်) လူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ ဦးအောင်ကျော်မင်း မောင်းနှင်သည့် TOYOTA FIELDER (GG -2607 )အား တောင်ဒဂုံ စက်မှုဇုံ (၁)မှ လူ ၃ ဦးက မြောက်ဒဂုံ ပင်လုံအိမ်ယာသို့ ငှားရမ်းပြီး ပင်လုံအိမ်ရာအတွင်း လူပြတ်သည့်နေရာအရောက်တွင် ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ကားကို လုယက်သွားခဲ့ကြောင်း လူမှူကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

“ကျွန်တော့်တို့ကို ည ၁၂ နာရီခွဲလောက်မှာ မြောက်ဒဂုံရဲစခန်းက ဖုန်းဆက်လာပါတယ်။ ဓားဒဏ်ရာ ရနေတဲ့ လူနာတစ်ဦးကို ဆေးရုံပို့ပေးဖို့ပါ။ ကျွန်တော်တို့ရောက်သွားတော့ လူနာက သတိကောင်းတယ်။ သူ့ဖြစ်စဥ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အားယူပြီး ပြောပြနိုင်ခဲ့တယ်။ သူ့နာမည်က ကိုအောင်ကျော်မင်း။ အသက်က ၄၄နှစ်။ မြောက်ဒဂုံ ၄၄ ရပ်ကွက်ကဆိုတာတွေ သူ့မိသားစုဝင်တွေ။ နောက်ပြီး သူ့ကားအမျိုးအစား။ နံပါတ်တွေ။ သူပြောပြလို့ အချိန်နဲ့ တစ်ပြေးညီ တာဝန်ရှိသူတွေလဲ ဆောင်ရွက်နိုင်တာတွေ့ရပါတယ်။ ညက ကျွန်တော်တို့ သူ့ကို မေဓာဝီဆေးရုံကို ပို့ပေးရတယ်။ ခွဲစိတ်ခန်းထဲ ဝင်သွားတဲ့အထိကို သတိကောင်းတာပါ။ စိတ်ဆောင်နိုင်တာ။ ဓားဒဏ်ရာက ၉ ချက်တောင် ရထားတာပါ။ တစ်ချက်က နှလုံးကို ထိတာ” ဟု ဝန်းရံမှူး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါ ဒဏ်ရာရလူနာသည် ခွဲစိတ်ခန်းမှ ယနေ့မနက် အစောပိုင်းမှ ပြန်လည်ထွက်ခွာနိုင်ခဲ့ပြီးနောက် အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိကုသစဥ် ရရှိဒဏ်ရာများကြောင့် သေဆုံးသွားပြီဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ စိတ်မကောင်းတာက ကောင်းရောင်းရောင်းဝယ် သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်နေသူတွေ အခုလိုဖြစ်ရတာကိုပါ။ လုမယ်၊ ယက်မယ်ဆိုလည်း အသက်အန္တရာယ်တော့ ဒုက္ခမပေးကြပါနဲ့ပေါ့။ သူတို့မှာလည်း နောက်မှာ မှီခိုအားထားတဲ့ မိသားစုနဲ့ပါ” လူမှုကူညီရေးအသင်းမှတာဝန်ရှိသူက မှတ်ချက်ပြုသည်။

အငှားယာဥ်များလုယက်ခံရမှု မတ်လနှင့် ဧပြီလများအတွင်း ၄ မှု ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်က မင်္ဂလာဒုံ ပုလဲမြို့သစ်တစ်ဝိုက်မကြာခဏ အငှားကားများ လုယက်ခံရမှုဖြစ်စဥ်မှ ပါဝင်သူတရားခံများကို မြောက်ဒဂုံ ရဲစခန်းမှ မြို့နယ်မှူးနှင့် အဖွဲ့၊ ပရဟိတအဖွဲ့များနှင့် တာဝန်သိပြည်သူများက မြောက်ဒဂုံမြို့နယ်မှာပင် လုံးထွေးသတ်ပုတ် ပူးပေါင်းဖမ်းဆီးပေးခဲ့ကြရသည်။ ထို့အတူ အင်းစိန်မြို့နယ်နေ ကိုပေါ်ထင်ကျော်အမည်ရှိ အငှားယာဥ်မောင်းကိုလည်း သတ်ဖြတ်အလောင်းဖျောက်ကာစွန့်ပစ်ထားမှု ဧပြီ ၁၂ ရက်က ဖြစ်ပွားခဲ့ရာတွင်လည်း လက်ရှိအချိန်အထိ တရားခံဖမ်းမိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *