၂၇. ၄. ၂၀၂၃
Written by Peya

ယဉ်ကျေးမှုအမွေအနှစ်များ တရားမဝင် တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့ကို တားဆီးနိုင်မည့် အာရှယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့တွင် မြန်မာက အခြားနိုင်ငံ ၂ နိုင်ငံနှင့်အတူ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အာရှယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ညီလာခံကို တရုတ်နိုင်ငံ စန်ရှီးပြည်နယ် ရှီအန်းမြို့၌ ဧပြီ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံသည် မူလအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့်အတူ သီရိလင်္ကာနိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့လည်း အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ကာ အဆိုပါအစည်းအဝေးသို့ မူလအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် လေ့လာသူနိုင်ငံများအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဥဇဘတ်ကစ္စတန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများက အာရှယဉ်ကျေးမှု အမွေအနှစ်များ မဟာမိတ်အဖွဲ့ စည်းမျဉ်းစည်းကမ်းမူကြမ်းများကို အတည်ပြုခြင်း၊ ၂၀၂၃ – ၂၀၂၄ လုပ်ငန်းစဉ်ကို ဆွေးနွေးခြင်း၊ မဟာမိတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်ခြင်းနှင့် ရှီအန်းကြေညာချက် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရကာ အဆိုပါ ညီလာခံသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

“ဒီလို ဝင်ရောက်လိုက်တဲ့အတွက် အမွေအနှစ်ဒေသတွေ ထိန်းသိမ်းတာ၊ ပြန်ထူထောင်တာ၊ ပြတိုက်အချင်းချင်း ဖလှယ်တာမျိုးပေါ့။ ဒါမျိုးတွေ ရလာမယ်။ ပြောရမယ်ဆိုရင် သမိုင်းအမွေအနှစ်နဲ့ ပတ်သက်လို့ အတူတူ ပူးပေါင်းထိန်းသိမ်းတာမျိုး ဖြစ်လာမှာပေါ့။ ပြီးတော့ ယဉ်ကျေးမှု အမွေအနှစ်တွေ တရားမဝင် ပို့တာမျိုးကနေလည်း ကာကွယ်နိုင်မှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ ဝင်ရောက်လိုက်သည့်အတွက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ အမည်စာရင်းတင်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များတရားမဝင် တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့ကို တားဆီးခြင်း၊ ဒေသတွင်း ပျောက်ဆုံးသွားသော ယဉ်ကျေးမှု ပစ္စည်းများ ပြန်လည်ရရှိမည့် အစီအစဉ်များ၌ နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *