MT News

Translated by Htwe Ko Tun

ယူကရိန်းသမ္မတ ဇယ်လန်စကီးက ရုရှားနိုင်ငံ၏ ယူကရိန်းသို့ ဝင်ရောက်တိုက်ခိုက်မှုပြုခဲ့သည်မှစ၍ ၎င်းနှင့်တရုတ်သမ္မတရှီကျင့်ဖိန်တို့ ဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုပြုခဲ့ကြောင်း ဧပြီလ ၂၆ ရက်တွင် ပြောခဲ့သည်။

ဇယ်လန်စကီးက”ကျွန်တော့်အနေနဲ့ တရုတ်သမ္မတရှီကျင့်ဖိန်နဲ့ အဓိပ္ပါယ်ပြည့်ဝပြီး ရည်ရွယ်ချက်တွေရှိတဲ့ ဖုန်းပြောမှုကို တော်တော်ကြာကြာလေးပြုလုပ်ခဲ့တယ်။ ဒီဆက်သွယ်ပြောကြားမှုက ကျွန်တော်တို့နှစ်နိုင်ငံအကြားမှာ တရုတ်နိုင်ငံဆိုင်ရာယူကရိန်းသံအမတ် ခန့်အပ်မှုအပါအဝင် နှစ်ဖက်အကျိုးတူဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်စေမယ်လို့ယုံကြည်ပါတယ်” ဟု ပြောခဲ့သည်။

ဖုန်းဆက်သွယ်ပြောကြားမှုအတွင်း သမ္မတနှစ်ဦးသည် ယူကရိန်းစစ်ပွဲအပေါ် ၎င်းတို့၏ ရှုမြင်ချက်များကို အပြန်အလှန်ဖလှယ်ခဲ့သည်။ သမ္မတရှီကျင့်ဖိန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်သွားရန် ထောက်ခံပါကြောင်း ထပ်ဆင့်အတည်ပြုပြောကြားခဲ့သည်ဟု တရုတ်အစိုးရ၏ ထုတ်ပြန်ချက်များကဆိုသည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖိန်က ယူကရိန်းပြဿနာကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ရန် အဖွဲ့အစည်းများအားလုံးနှင့် ထိထိရောက်ရောက်ဆက်သွယ်ရေးကို ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံမှအထူးသံတမန်တစ်ဦးကို ယူကရိန်းနှင့် အခြားနိုင်ငံများသို့ စေလွှတ်သွားမည်ဟုပြောခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် ယူကရိန်းသို့ လူသားချင်စာနာမှုအထောက်အပံ့များ ပေးပို့သွားရန်လည်း လိုလားကြောင်း ရှီက ဆက်လက်ပြောကြားခဲ့သေးသည်။

၎င်းက တရုတ်နိုင်ငံအနေနှင့် မီးလောင်နေခြင်းအား စောင့်ကြည့်နေမည်မဟုတ်သလို မီးအရှိန်မြှင့်ရန် လောင်စာထိုးပေးမည်လည်းမဟုတ်ကြောင်း၊ အကျပ်အတည်းအခြေအနေက နိုင်ငံတကာကိုသက်ရောက်မှုရှိနေပြီး တွေ့ဆုံဆွေးနွေးခြင်းနှင့် ညှိနှိုင်းမှုပြုခြင်းတို့ဖြင့် အကျိုးအမြတ်ရရန်သာ လိုလားကြောင်းလည်း ပြောခဲ့သည်။

ယူကရိန်း သမ္မတရုံးအကြီးအကဲ အန်ဒရီရာမတ်ကလည်း သမ္မတ နှစ်ဦးအကြား အဆိုပါဖုန်းဆက်သွယ်မှုက အလွန်အရေးကြီးသောဆွေးနွေးမှုလည်းဖြစ်ကြောင်း ပြောခဲ့သည်။

မတ်လအတွင်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ရုရှားသို့ချစ်ကြည်ရေးခရီးသွားကာ ရုရှားသမ္မတပူတင်နှင့် မော်စကိုမြို့တွင် တွေ့ဆုံခဲ့သေးသည်။

Ref—CNN

Leave a Reply

Your email address will not be published. Required fields are marked *