၂၆. ၄. ၂၀၂၄
Written Ye Kyaw

လျှပ်စစ်ကားများ (Electric Vehicle-EV) နှင့် အားသွင်းစက် (Charger)များအား ဝယ်ယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်း (၁၅၃၅) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဧပြီ ၂၆ ရက် (ယနေ့)တွင် စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။

“စားသုံးသူဦးစီးဌာနက စားသုံးသူက ကုန်စည်။ ဒါမှမဟုတ်ရင် ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ရင် စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရပြီဆိုရင် စားသုံးသူဦးစီးဌာနကို တိုင်နိုင်တယ်။ တိုင်တဲ့အခါမှာ Consumer Call Center ဖုန်း ၁၅၃၅ ကနေ တိုင်နိုင်သလို ဦးစီးဌာနရဲ့ Website ကနေ Complain Form ကနေလည်း တိုင်နိုင်ပါတယ်။ တိုင်ကြားမှုကို လက်ခံရရှိပြီးပြီးချင်း ရုံးချိန်အတွင်းမှာ ဆက်သွယ်ဆောင်ရွက်ပေးပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

စားသုံးသူ‌ရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ရည်ရွယ်ချက်များနှင့်အညီ စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်အပြည့်အဝရရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများအား ကုစားပေးရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

စားသုံးသူပြည်သူများ အလွယ်တကူဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်နှင့် တိုင်ကြားနိုင်ရန်အတွက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center-CICC) ရုံးပေါင်း ၄၈ ရုံးကို ဖွင့်လှစ်ထားသည့်အပြင် Consumer Call Center ဖုန်း (၁၅၃၅) သို့ ဆက်သွယ်ခေါ်ဆိုကာ စုံစမ်းမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းတို့ကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *