MT News

Written By Thandar

အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Mahar App တို့ ပူးပေါင်း ရိုက်ကူးထုတ်လုပ်တဲ့ စိတ်ဝင်စားစရာ အိမ်ထောင်အလောင်ပုံစံ “အိမ်ထောင်” The Marriage ဇာတ်လမ်းတွဲ Press Conference Show ကို ဧပြီ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီအိမ်ထောင်ရေးပညာပေး ဇာတ်လမ်းတွဲကို ဧပြီ ၂၃ ရက်က စတင်ပြီး Mahar App နဲ့ Android TV ၊ Android Box တွေ တပ်ဆင်ထားတဲ့ TV တိုင်းမှာ ကြည့်ရှုနိုင်ပြီး အပိုင်း ၂၅ ပိုင်း ပါဝင်ထားဖြစ်ပါတယ်။

“ပထမစီးရီးဖြစ်တဲ့ သမီးဆိုးဇာတ်လမ်းတွဲမှာလည်း အောင်မြင်ထားတော့ ဒုတိယ လက်တွဲမှုပါ။ ဒီကားထဲမှာ သရုပ်ဆောင်တွေက အများကြီးပဲ ။ အားလုံးနဲ့လည်း ညီအစ်ကိုမောင်နှမတွေလို ကြိုးစားထားကြတယ်။ အပေးအယူမျှမျှတတနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် အရမ်းကို အဆင်ပြေတယ်။အထူးသဖြင့် မိန်းကလေး ပရိသတ်တွေအနေနဲ့ ဒီကားကို မဖြစ်မနေကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ အိမ်ထောင်သည်တွေအများကြီးပဲလေ။ အိမ်ထောင်တစ်ခုမှာ ဘယ်အရာက အရေးကြီးဆုံးလဲ။ အိမ်ထောင်တစ်ခုတည်မြဲဖို့ ဘာတွေထိန်းသိမ်းဖို့ လိုမလဲ။ လူမှုရေး ဖောက်ပြန်မှုတွေ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကို ဒီထဲမှာ စုံစုံလင်လင်တွေ့ရပါတယ်။ အိမ်ထောင်ရေးရဲ့ ပဋိပက္ခတွေ၊ မိသားစုကြားက ပြဿနာတွေကို မြင်တွေ့ရမှာပါ။ ဒီကားလေးကို ပရိသတ်တွေ ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ အားပေးကြပါဦး”လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။

ဇာတ်လမ်း လူညိုချောနဲ့ လုံမ၊ ဇာတ်ညွှန်း သီလံတို့က ရေးသားထားပြီး ဒါရိုက်တာ မယ်မင်းဘုံ ရိုက်ကူးထားတဲ့ အိမ်ထောင် ဇာတ်လမ်းတွဲက မြင်တွေ့နေကြ ဇာတ်လမ်းတွဲပုံစံမျိုးနဲ့ မတူဘဲ လူမှုဝန်းကျင်မှာ ဖြစ်ပျက်နေကျ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ အကြောင်းအရာကို ပညာပေး ရိုက်ကူးပြသထားတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ကျော်ထက်အောင်၊ ညီထွဋ်ခေါင် ၊ ဗညားဘုန်းပြည့် ၊ အကယ်ဒမီချောရတနာ၊ ရတနာဗိုလ် ၊ ထက်ထက်ထွန်း ၊ မေတိုးခိုင် ၊ သင်းသဲဗိုနဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *