၂၂. ၄. ၂၀၂၃
Written by Nay Moe

တပ်နှင့် BGF က PDF ပူးပေါင်းအဖွဲ့များအား လေယာဥ်ဖြင့် ပစ်ခတ်သည့်အပြင် နေ့ရောညပါ ဗုံးကြဲနေသည့်ကြားမှ တစ်ဦးသာမစိုးရိမ်ရဒဏ်ရာရသည့်အပြင် လခရပစ္စည်းများသိမ်းမိဟု ကျားသစ်နက်စစ်ကြောင်းက ယနေ့နံနက်တွင် ထုတ်ပြန်သည်။

မြဝတီမြို့အနီးတဝိုက်တွင် SAC တပ်နှင့် ၎င်းလက်အောက်ခံ BGF တပ်တို့နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။ ကျားသစ်နက်စစ်ကြောင်းအနေဖြင့် တပ်မဟာ (၆) KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည့် KNU နှင့် PDF ပူးပေါင်းတပ်များကလည်း မြဝတီမြို့အနီးနေရာအများအပြားအား ဖြန့်ကျက်နေရာယူကာလျှက်ရှိသည်ဟု သိရသည်။

ထို ကျားသစ်နက်စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များအား ၂၀၂၃ခုနှစ် ဧပြီလ ၂၁ရက် နေ့လည်အချိန်တွင် တပ်မှ Yak-130 လေယာဉ်ဖြင့် လည်းကောင်း ၊ ဧပြီလ ၂၂ ရက် ယနေ့ နံနက် ၁ နာရီခန့်တွင်လည်းကောင်း ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိခိုက်တစ်စုံတစ်ရာ မရှိခဲ့ဟု ဆိုသည်။

ထို့ပြင် မြေပြင် လခရတပ်နှင့် ၎င်းလက်အောက်ခံ BGF တပ်များမှနေ၍ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးများဖြင့် နေ့ရောညပါ ပစ်ခတ်လျက်ရှိပြီး ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကျားသစ်နက်စစ်ကြောင်းမှ PDF များအနေဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ လခရတပ်မှ ကျန်ရစ်ခဲ့သော လက်နက်၊ ကျည်များနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ကျားသစ်နက်စစ်ကြောင်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *