April 25, 2024

(ဓာတ်ပုံ-သံဝေဂလူမှုကူညီရေးအသင်း)

MT News

Written by Hey Mar

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိမှု ပြန်လည်မြင့်တက်လာနေကြောင်းနှင့် တစ်ရက်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိရသည့် လူနာအသစ်(၃၀) ကျော်အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၂၀ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်က လသာမြို့နယ်မှ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည့် အသက် ၈၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးအား ဆေးရုံပြောင်းရွှေ့ကူညီမှုလုပ်ဆောင်ပေးခဲ့ရကြောင်းလည်း သံဝေဂ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ပြောသည်။

“မနေ့က ကျွန်တော်တို့ကို ဗဟိုရ်စည်ဆေးရုံကနေ ဆက်သွယ်လာတာ။ ကိုဗစ်လူနာ သယ်ပေးရမယ်။ PPE ဝတ်စုံနဲ့ ပိုးသတ်ဆေးပုံးနဲ့ လာခဲ့ပါဆိုပြီး။ ကြားကြားချင်း လန့်သွားတာတော့အမှန်ပဲ။ ရောဂါက ငြိမ်နေတာ ၅ လကျော် ၆ လနီးပါး ဆိုတော့။ နောက်ပြီး ရာသီဥတု ဒီလောက်ပူနေတာကို ပိုးက ပျံ့နိုင်သေးလားဆိုပြီး တွေးမိတာပါ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေ့ပေမယ့် အရင်လို ကျွန်တော်တို့ အသင်းအဖွဲ့တွေဆီ ညွှန်ကြားနှိုးဆော်ချက် သီးသန့်တော့ ထွက်မလာသေးပါဘူး။ ပရဟိတ ညီနောင်အသင်းတွေလည်း ကိုင်တွယ်ဆောင်ရွက်တဲ့အခါ သတိရှိဖို့ ပြောချင်ပါတယ်”ဟု သံဝေဂ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌဦးကိုလတ်က ကိုဗစ်လူနာအား ကူညီခဲ့စဥ် ကြုံတွေ့ရသည့်ဖြစ်စဥ်ကို ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာသစ် (၃၀) ဦး တွေ့ရှိခဲ့ကြောင်း ယင်းအထဲမှ (၁၅) ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ကျန် (၁၅) ဦးမှာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ ဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ်ဖြစ်သည့် XBB 1.1 6 အပါအဝင် ကိုဗစ်ကူးစက်မှုများ မြင့်မားနေဆဲဖြစ်၍ သတိပြုနေထိုင်ကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။ XBB.1.16 လက္ခဏာများသည် Omicron ရောဂါလက္ခဏာနှင့် ဆင်တူပြီး သာမန်အအေးမိခြင်း လက္ခဏာ၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းတို့အထိ ဖြစ်စေပြီး ၊ အောက်စီဂျင်ကျဆင်းခြင်းနှင့် အထူးသဖြင့် ကလေးငယ်များတွင် မျက်မှေးရောင်ခြင်း လက္ခဏာများလည်း ဖြစ်ပွားတတ်ကြောင်း အိန္ဒိယနိုင်ငံမှ အများဆုံးတွေ့ရှိရသည့်ရောဂါလက္ခဏာနှင့် အကြံပြုချက်များ ယှဉ်တွဲ၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ ဖော်ပြထားသည်။

ပြည်တွင်း၌လည်း ကိုဗစ်ရောဂါပိုး လအတန်ကြာ ငြိမ်သက်ခဲ့သည့်အတွက် ရောဂါကာကွယ်သည့် နည်းစနစ်များကို လိုက်နာကျင့်သုံးမှု တဖြည်းဖြည်း လျော့ရဲလာခဲ့သည်။ ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ အသက်ရှုရ မွန်းကြပ်သည့် အကြောင်းပြချက်များဖြင့် မက်စ် မတပ်သည့် လူဦးရေ များလာသည်။ ရုံးတက် ရုံးဆင်းချိန် လူအများတိုးဝှေ့ ကာ ကြပ်ကြပ်သည်းသည်း စီးနင်းရသည့် ဘတ်စ်များတွင်လည်း အများစုမှာ နှာခေါင်းစည်းမက်စ်များ မပါကြသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံနေမြန်မာတစ်ဦး ကိုဗစ်ရောဂါပိုးကူးစက်ပြီး သေဆုံးခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။

“ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံမှာလည်း ဖြစ်နေတော့ မက်စ်တွေ PPE တွေ ပိုးသတ်ဆေးဖျန်းဖို့ လိုအပ်တာတွေ အသင်းအနေနဲ့တော့ကြိုပြင်ထားမှရတော့မယ်။ PPE တွေက နောက်ဆုံးဝယ်ခဲ့တဲ့ စျေးကဆို ကျပ် ၁၈၀၀၀။ အခုတော့ ဘယ်လောက်ဖြစ်မလဲ မသိဘူး” ဟု ဦးကိုလတ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ယနေ့အချိန်ထိ ကိုဗစ်သံသယလူနာ ၁၀၂၅၉၅၈၆ ဦးကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၆၃၄၂၄၃ ဦးတွေ့ရှိခဲ့ပြီး ၁၉၄၉၀ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *