၁၇. ၄. ၂၀၂၃
Written by Nay Moe
လှိုင်သာယာမြို့နယ်ဇာတိဖြစ်ပြီး သင်္ကန်းဝတ်ကာ ရဟန်းခံသည့် ဘုန်းကြီးဘဝမှ NUG ထောက်ခံကာ လက်နက်ကိုင်သွားသည့် ဦးကေသရတဖြစ်လည်း စောဂျော့မိုက်ကယ်သည် ဧပြီ ၁၆ ရက်က တိုက်ပွဲတစ်ခုဝယ်သေဆုံးခဲ့ပြီဟု သတင်းများထွက်ပေါ်နေသည်။
လက်ရှိအချိန် သေသည်ရှင်သည် အတိအကျမသိရသေးသော ဗိုလ်အယ်ဆေးဝါးဦးဆောင်သည့် Lion Battalion စစ်ကြောင်းမှ လူသိများသည့် PDF အဖွဲ့ဝင်တစ်ဦးဖြစ်သော စောဂျော့မိုက်ကယ်သည် ဧပြီ ၁၆ ရက်က တိုက်ပွဲတစ်ခုဝယ် စနိုက်ပါထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း ၎င်းသည် ဗိုလ်အယ်ဆေးဝါးထွက်ပြေးရသည့် ရွှေကုက္ကိုလ်မြို့တိုက်ပွဲဝယ် လက်နက်ကြီးထိမှန်သည့် ဒဏ်ရာအရှိန်ကြောင့် သေဆုံးရခြင်းဖြစ်သည်ဟုလည်း သိရှိရပြီး ပြီးခဲ့သည့်ရက်ပိုင်းက လက်နက်ထိမှန်ထားသော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရသည့် စောဂျော့မိုက်ကယ်၏ ပုံရိပ်ကိုလည်း PDF များက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် စောဂျော့မိုက်ကယ်အသုံးပြုသည့် လူမှုကွန်ရက်အကောင့်၌ ကော်သူးလေတပ်မတော်၏ ထောက်ပို့အဖြစ် လူသိများသူ သင်းသင်းဦးအကောင့်ပိုင်ရှင်အပါအဝင် PDF ၂၀ ကျော်က သေဆုံးမှုအတွက် ဝမ်းနည်းစကားပြောဆိုထားပြီး စောဂျော့မိုက်ကယ်မှာ ရွှေကုက္ကိုလ်တိုက်ပွဲမှ ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။
“တပ်မဟာ ခုနစ်နာမည် ကျွန်တော်မကြားချင်တော့ဘူးတဲ့လား မောင်လေးရေ။ ဗိုလ်ကျားလက်ဝါးခေါ် အဖူးဗိုလ်လည်း ဆရာ့ လမ်းစဥ်အတိုင်းလိုက်သွားတာလား။ ကျွန်တော် တော်တော်ရှက်လို့ပါ မကြီးရာဆိုပြီး ငိုငို ပြောပါဦး။ မကြီးပြန်အလာကိုမျှော်နေတာဆို မြို့သိမ်းတွေ တူတူသွားကြမယ်ဆို။ ဟိုရက်က စခန်းတွေသိမ်းတော့ မကြီးကို ခဏ ခဏ လာကြွားနေတာလေ။ ဘာစားချင်လဲဆို ဘဲကင် ကြက်ကင်ဆို။ ဘုန်းကြီးလူထွက်ကြီး တော်လှန်ရေးပြီးမှ တရားပြန်ရှာကြတာပေါ့။ အခုတော့မတရားခံနေကြရတာဆို။ ဘုန်းကြီးလူထွက်ကြီး မကြီးကိုစကားလာပြောပါဦး မောင်လေးရဲ့”ဟု Thinn Thinn Oo အကောင့်ပိုင်ရှင်က စောဂျော့မိုက်ကယ်အကောင့်ကို Tag တွဲ ရေးသားထားသည်။
