၁၆. ၄. ၂၀၂၃
Written by Thettant
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း (၁၁၂)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲ ဖျက်စီးခြင်း (၃၇)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်စီးခြင်း (၁၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြကြောင်း မြန်မာ့ မီးရထားမှ သိရှိရသည်။
လတ်တလောတွင် ရထားကွန်ယက်ကြီးတစ်ခုလုံး၌ အမြန်လူစီးရထားခရီးစဉ် (၁၈)စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင် ရထားခရီးစဉ်(၈)စင်းတို့နှင့် ရန်ကုန်မြို့ပတ် နှင့်ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)စင်း၊ စုစုပေါင်း ရထားခရီးစဉ် (၆၈)စင်းတို့နှင့် ကုန်ရထား ခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့်အဆင့်မြှင့်တင်နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ရွာသာကြီး-သဲဖြူကုန်း ခရီးစဉ် ပြေးဆွဲနေသော အမှတ်(၆၈၈-A)အဆန်ရထားသည် မြန်မာ့မီးရထားပိုင် လမ်းခင်းကျောက်များ တင်ဆောင်ရန်ထွက်ခွာလာစဉ် သထုံမြို့နယ်၊ သထုံဘူတာနှင့် ရင်းငြိမ်ဘူတာအကြား တံတား အမှတ်(၉၃)ကားလမ်းကူး မိုင်တိုင်အမှတ်၊ ၁၄၁/၁၅-၁၄ သို့ ဧပြီ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ဖြတ်သန်းမောင်းနှင်စဉ် PDF များ ထောင်ထားသည့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်း DF-2053 ၏ Cab-1 စက်ခေါင်းမောင်း ရှေ့လေကာ မှန်ကွဲအက်၍ ရထားလမ်းအနောက်ဘက်သံလမ်း ၁ ပေခွဲ ခန့်နှင့် အရံအတွင်းသံလမ်းထိန်း ၄ ပေ ခန့် ပြတ်ထွက်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။
PDF များသည် သံလမ်းပြတ်ထွက်၍ ရထားတိမ်းမှောက်ပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် သထုံ-ရင်းငြိမ်လမ်းပိုင်းအား မွန်းလွဲ ၁ နာရီ ၃၁ မိနစ်တွင် ပိတ်ထားခဲ့ရသဖြင့် လူစီး ရထား(၁)စင်းမှာ (၁)နာရီခွဲခန့်၊ အမှတ်(၆၈၄)အဆန် တွဲလွတ်ကျောက်ရထားမှာ (၅၅)နာရီခန့် နောက်ကျခဲ့ရပြီး သံလမ်းအားပြန်လည်ပြုပြင်ခဲ့ရာ ညနေ ၄ နာရီ ၃၆ မိနစ်မှစ၍ ရထားများပုံမှန် ပြန်လည်ပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ဖျက်ဆီးခံရမှုတွင် တံတားမိုင်းခွဲခံရမှု(၆)ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၄)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း (၁၆)ကြိမ်နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း(၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြသည်။
ထိုသို့မိုင်းထောင်ဖျက်ဆီးတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦးကျော်သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူလည်းများစွာရှိနေကြောင်း သိရသည်။
