၁၀. ၄. ၂၀၂၃
Written by Phyo Wei

ဘင်္ဂလားဒေ့ရှ်ကို နေရပ်စွန့်ခွာထွက်ပြေးသူတွေထဲက ဘင်္ဂလားဒေ့ရှ် ပေးပို့လာတဲ့ စာရင်းတွေကို စိစစ်ရာမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ စိစစ်ပြီးတဲ့သူ ၈၇၀၀၀ ကျော်ထဲ မြန်မာနိုင်ငံမှာ နေထိုင်တယ်လို့ အထောက်အထားမရှိသူ ၃၀၀၀၀ ကျော်အထိ ပါဝင်နေတာကို တွေ့ရှိရတဲ့ ဒီရက်သတ္တပတ်မှာ ဥရောပသမဂ္ဂက တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ပြတ်သားစွာ ပယ်ချခဲ့မှုနဲ့ CRPH၊ NUG၊ PDF တွေရဲ့ အကြမ်းဖက်သ-တ်ဖြတ်မှုကြောင့် ပြည်သူ ၅၄၇၅ ဦး အသက်ဆုံးရှုံးရမှုကို လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လျှော့ပေါ့ဖော်ပြတာ စိတ်ပျက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့မှုလည်း ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း မဟာသင်္ကြန်ကို ဗုံးခွဲဖို့စိုင်းပြင်းနေတဲ့ PDF တွေဘက်ကလည်း စာအမျိုးမျိုးထုတ်ပြီး ခြိမ်းခြောက်နေသလို SAC ရဲ့ လခရတွေကလည်း တတ်နိုင်သရွေ့လိုက်ဖမ်းနေတယ်ဆိုပေမဲ့ လက်နက်ကိုင်အဖွဲ့ ၆၀၀ ကျော်ဖြစ်လာတဲ့အခြေအနေမှာ အကုန်လုံးကို အုပ်မိဖို့ဆိုတာ မဖြစ်နိုင်တာမို့လို့ X2O လို ဖြစ်ရပ်ဆိုးတွေ ထပ်ကြုံရနိုင်သလားဆိုတဲ့အခြေအနေမှာ ငွေမသုံးနိုင်လို့ အစိုးရမဏ္ဍပ်တွေဆီ ပျော်ကြမဲ့ ဆင်းရဲသားပြည်သူတွေ ပစ်မှတ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း ကျော်ဖြတ်ရတော့မဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာနိုင်ငံသားတွေကို ပိုက်စိပ်တိုက်ဖမ်းနေတဲ့ အိန္ဒိယနိုင်ငံအကြောင်း၊ PDF တွေကို ဖမ်းဆီးပြီး SAC လက် အပ်နှံတဲ့ ထိုင်းနိုင်ငံအကြောင်းနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ တိုးတက်မှုရလာပြီဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံပြောလာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“မြန်မာနိုင်ငံသားတွေကို ပိုက်စိပ်တိုက်ဖမ်းနေတဲ့ အိန္ဒိယ”

တရုတ်ကို ပါဝါအားပြိုင်တဲ့ အိန္ဒိယဟာ လက်ရှိအချိန်မှာ ရုရှားကိုပါ ထည့်တွက်ရမလိုဖြစ်လာတာကြောင့် ဝေဖန်စောင့်ကြည့်မှုတွေ လုပ်စပြုလာသလို လက်ရှိအချိန်မှာလည်း ကိုကိုးကျွန်းမှာ ထောက်လှမ်းရေးစခန်းတည်ဆောက်နေတယ်လို့ စွပ်စွဲလာတဲ့အပြင် အိန္ဒိယနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ သွားရောက်တဲ့ မြန်မာတွေကိုလည်း အမှားမခံ လိုက်လံဖမ်းဆီးနေတာကို တွေ့ရပါတယ်။

ဒီပြဿနာတွေက ဘယ်ကစသလဲဆိုရင် မတ်လ ၁၉ ရက်မှာ မီဇိုရမ်ပြည်နယ်က အိန္ဒိယနိုင်ငံသားသုံးဦးကို ချင်းလက်နက်ကိုင် CDF အဖွဲ့က လက်နက်ဝယ်ခိုင်းရာက လက်နက်ရော ပိုက်ဆံပါ ပြန်မရလို့ ရက်ရက်စက်စက် သတ်ဖြတ်မီးရှို့တယ်လို့ ဝေဖန်ခံရတာကနေ အိန္ဒိယနိုင်ငံဘက်မှာ ဒီဖြစ်စဉ်ကို ထိထိရောက်ရောက်အရေးယူဖို့ မြန်မာဘက်က ဝင်ရောက်လာသူတွေကို လက်မခံဖို့နဲ့ မြန်မာဒုက္ခသည်တွေ ဝင်လာဖို့လမ်းကြောင်းတွေပိတ်ဖို့ လှုံ့ဆော်မှုတွေမြင့်တက်လာချိန်မှာ ကျွဲကူးရေပါဖြစ်စဉ်တွေ ဆင့်ကဲဝင်လာတယ်လို့ ဆိုရမှာပါ။

လက်ရှိအခြေအနေမှာတော့ CDF (Chin Defence Force) က အိန္ဒိယနိုင်ငံသားသုံးဦးကို သတ်တာ သူတို့မဟုတ်ကြောင်း၊ သတ်ဖြတ်သူတွေက ပခုက္ကူနဲ့ မြိုင်မြို့နယ်အတွက် ထောက်ပို့လုပ်တဲ့ ကိုဂျက်နဲ့ မင်းတပ်မြို့နေ ဆလိုင်းအောင်လိန်းတို့ဖြစ်ပြီး ဆလိုင်းအောင်လိန်းကလည်း CDF အဖွဲ့ဝင်မဟုတ်ကြောင်း စတာတွေနဲ့ရှင်းလင်းထားပြီး ဒီတရားခံနှစ်ယောက်ကိုလည်း သူတို့ဖမ်းဆီးထားတယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း CDF ဟာ တိုင်းရင်းသားလက်နက်ကိုင်အဆင့်သာဖြစ်ပြီး အစိုးရတစ်ရပ်လို ဥပဒေတွေနဲ့ရှင်းလင်းနိုင်စွမ်းမရှိတာကြောင့် သူတို့ရဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်တွေဟာ အစိုးရအဆင့်ရှင်းလင်းရတော့မဲ့အခြေအနေဖြစ်လာနိုင်ပြီး ဒီလိုမျိုးမရှင်းလင်းနိုင်ဘဲ CDF က သူ့ဘာသာလုပ်ချင်ရာလုပ်နေမယ်ဆိုရင်တော့ အိန္ဒိယရောက် မြန်မာတွေက ဆက်ပြီး ပစ်မှတ်အထားခံရတော့မဲ့ အခြေအနေပါ။

“PDF တွေကို ဖမ်းဆီးပြီး SAC လက် အပ်တဲ့ ထိုင်းနိုင်ငံ”

ထိုင်းအစိုးရရဲ့ အများပိုင်ကုမ္ပဏီ PTT ကို NUG က သူတို့နဲ့ပူးပေါင်းဖို့ မပူးပေါင်းရင် စင်ကာပူအနုညာတခုံရုံးမှာ တရားစွဲမယ်လို့ မတ်လ ၂၀ မှာ ခြိမ်းခြောက်လိုက်မှုဟာ နုဂျီအဖို့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့အခြေအနေကို ရောက်သွားခဲ့တာပါ။ ထိုင်းနိုင်ငံထဲခိုဝင်ကပ်နေပြီး သူတို့ကို ပြန်တရားစွဲမယ်ဆိုတဲ့ NUG, PDF တွေကို ထိန်းချုပ်နိုင်ရေးကြိုးစားလာနေတဲ့ ထိုင်းအစိုးရအမြင်ကတော့ သူ့နိုင်ငံထဲ အကြမ်းဖက်သမားလို့ အာဏာရယူထားတဲ့ အစိုးရတစ်ရပ်က သတ်မှတ်ခံထားရတဲ့လက်နက်ကိုင်တွေကို ဆက်မထားသင့်တော့ဘူးလို့တွေးတာကလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအတွက်တော့ မှားတယ်လို့ ပြောမရပါဘူး။

ဒါကြောင့် NUG, PDF တွေကို လိုက်လံဖမ်းဆီးရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုရင် Lion Ballalion စစ်ကြောင်းက PDF သုံးယောက်ကို ဖမ်းဆီးပြီး SAC အစိုးရကို တရားခံလွှဲပြောင်းခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း ထိုင်းနယ်စပ်သတင်းတွေမှာ ထိုင်းစစ်တပ်၊ ထိုင်းလ၀က၊ BGF နဲ့ SAC လုံခြုံရေးတပ်တွေ ပူးပေါင်းပြီး NUG,PDF တွေကို မဲဆောက်ဘက်မှာ လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ထိုင်းအစိုးရဘက်က ဖမ်းဆီးမယ်ဆိုတဲ့စာရင်းမှာ NUG ထိပ်ပိုင်းတွေနဲ့ လူသိများတဲ့ လက်နက်ကိုင်ထောက်ပို့တွေ၊ PDF တွေလည်း ပါနေတယ်လို့ အသံတွေထွက်နေတာကြောင့် NUG, PDF တွေဟာ မဲဆောက်ဘက် မနေရဲတော့ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေရှိရာ မြန်မာဘက်ခြမ်း ပြန်ခိုဝင်လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။

ထိုင်း-မြန်မာပူးပေါင်းပြီး မဲဆောက်ဘက် လိုက်လံရှာဖွေနေတာကလည်း သေသွားတာလိုလို၊ ဒဏ်ရာရတာလိုလိုနဲ့ ပျောက်နေတဲ့ Lion Ballalion စစ်ကြောင်းမှုးဗိုလ်အယ်ဆေးဝါးလို့ အသံထွက်နေတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့ သေချာတာကတော့ ထိုင်း-မြန်မာ အစိုးရနှစ်ရပ်စလုံးကို စိန်ခေါ်ခဲ့သလိုဖြစ်ခဲ့တဲ့ မြ၀တီနယ်စပ်လမ်းတစ်လျှောက်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်တဲ့ မတ် ၂၅ ရက်ကစတဲ့ တိုက်ပွဲလမ်းကြောင်းမှာ PDF နဲ့ EAOs ပူးပေါင်းတပ်တွေ အရေးနိမ့်သွားပြီလို့ပြောရမှာဖြစ်ပြီး မကြာခင်ရက်ပိုင်းမှာ ကုန်သွယ်ရေးလမ်းက ချောချောမွေ့မွေ့ပြန်ပွင့်လာနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောက်တစ်ကြိမ် ဒါမျိုးဆက်မဖြစ်အောင်တော့…..။

“မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ တိုးတက်မှုရလာပြီဆိုတဲ့ အင်ဒိုနီးရှား”

မြန်မာနိုင်ငံနဲ့ အာဆီယံဆက်ဆံရေးဟာ လိပ်ခဲတည်းလည်းဖြစ်နေတာကြာပါပြီ။ အာဆီယံဘက်ကလည်း မြန်မာအစိုးရခေါင်းဆောင်ကို မဖိတ်ဘဲ အရပ်ဘက်ခေါင်းဆောင်တွေကိုပဲဖိတ်မယ်လို့ တင်းခံနေတာကြောင့် မြန်မာဘက်ကလည်း သူတို့မတက်ရတဲ့ အာဆီယံဆုံးဖြတ်ချက်မှန်သမျှကို ထိုင်ကန့်ကွက်တာတစ်ခုပဲ အားစိုက်လုပ်နေတာကြောင့်လည်း ဒီလိပ်ခဲတည်းလည်းက အာဆီယံဥက္ကဋ္ဌ သုံးနိုင်ငံပြောင်း ကိုင်တွယ်နေရပြီဖြစ်သလို ဖြေရှင်းနိုင်ဖို့လည်း အင်ဒိုနီးရှားအလှည့်မှာဖို့ မျှော်လင့်ကြတာပါ။

ဘာကြောင့်လဲဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာလည်း စစ်တပ်ကို လွှတ်တော်နိုင်ငံရေးက ဖယ်ထုတ်နိုင်တဲ့ အစဉ်အလာကောင်းကို ပိုင်ဆိုင်ထားတာကြောင့် တပ်မတော်တွေနဲ့ ဆက်ဆံရေးမှာ ပါးနပ်လိမ္မာတဲ့ နိုင်ငံဖြစ်လို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်လာချိန်မှာ မြန့်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ရပ်ကို မျှော်လင့်ကြတာပါ။

လက်ရှိအချိန်မှာတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပိုမိုလုပ်ဆောင်ခဲ့ပြီး မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ တိုးတက်မှုလည်းရှိလာတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလာပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ” အဓိကရည်မှန်းချက်က ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်နိုင်ဖို့၊ အာဆီယံရဲ့စုစည်းညီညွတ်မှုတွေ ပိုမိုခိုင်မာလာဖို့ လုပ်ဆောင်နေပါတယ်။ မြန်မာ့ နိုင်ငံရေး ပြဿနာမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးမှုကနေ အာဆီယံရဲ့သဘာတူညီချက်များ အကောင်အထည်ဖော်မှုတွေ ပိုမိုအားကောင်းလာအောင်လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။

ဒီနေရာမှာ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့တယ်လို့ ရက်နိုမာဆူဒီက ထုတ်မပြောပေမဲ့လည်း သေချာတာတစ်ခုကတော့ အင်ဒိုနီးရှားဟာ လက်ရှိတာဝန်ယူထားသူတွေကို အာဆီယံမူအတိုင်း လိုက်နာပြီး ဖိတ်သင့်ချိန်ဖိတ်၊ ဝေဖန်သင့်ချိန် ဝေဖန်၊ ဆုံးဖြတ်ချက်ချသင့်လို့ ဆုံးဖြတ်ချိန်မှာလည်း မြန်မာအစိုးရတာဝန်ရှိသူတွေကိုယ်တိုင် ငုတ်တုပ်ထိုင်နေတဲ့ စားပွဲဝိုင်းဆုံးဖြတ်ချက်ကမှ မြန်မာနိုင်ငံလိုက်နာမဲ့သဘော မြင်ချိန်တန်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး မြန်မာအစိုးရတာဝန်ရှိသူတွေ ပါဝင်ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်အတည်ပြုချက်တွေလုပ်မှလည်း အာဆီယံမူငါးချက်ဟာ အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းစပေါ်ရောက်မှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *