၈. ၄. ၂၀၂၃
Written by Nay Moe

၁။

NLD ပါတီ တရားဝင်နိုင်ငံရေးလမ်းကြောင်းမှာမရှိဘဲ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို သပိတ်မှောက်တော်လှန်နေချိန် မြန်မာနှစ်ကူးကာလ ၂၀၁၀ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) မှာ ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းက ရေကစားမဏ္ဍပ်တစ်ခုရှေ့မှာ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တာကြောင့် ရေကစားနေကြသူတွေ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

X2O ဗုံးပေါက်ကွဲမှုလို့ နာမည်ကျော်ခဲ့တဲ့ ဒီဖြစ်စဉ်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်း (ကန်ရိပ်သာလမ်းနဲ့ ဦးအောင်မြတ်လမ်းထောင့်) ကရဝိက်ဝင်ပေါက်အနီးက X2O ရေကစားမဏ္ဍပ်ရှေ့မှာ ညနေ ၃ နာရီ ၅ မိနစ်လောက်ကစပြီး ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တာပါ။ ဒီပေါက်ကွဲမှုကြောင့် အမျိုးသား ငါးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား၊ အမျိုးသမီး ပြည်သူ ၁၇၀ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ မဏ္ဍပ်ပေါ်မှာ ပေါက်ကွဲတာမဟုတ်ဘဲ မဏ္ဍပ်ရှေ့လမ်းမပေါ် ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်အတွက် သံသယတရားခံအဖြစ် ကိုဖြိုးဝေအောင်ကို ဖမ်းဆီးသေဒဏ်ချမှတ်ခဲ့ပေမဲ့ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ် ဩဂုတ် ၃ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုဖြိုးဝေအောင်ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်သွားချိန်မှာ သူ့မိသားစုဘက်က ကိုဖြိုးဝေအောင်ဟာ ဗုံးဖောက်ခွဲတဲ့ တရားခံမဟုတ်ဘူးလို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။ ကိုဖြိုးဝေအောင် ဗုံးဖောက်ခွဲမှုနဲ့ ဖမ်းဆီးခံရ၊ သေဒဏ်ချမှတ်ခံရပေမဲ့ အချိန်နှစ်နှစ်အတွင်း ပြန်လည်လွတ်မြောက်လာခြင်းဟာ စွပ်စွဲဖမ်းဆီးခံရတယ်လို့ သူ့မိသားစုရှင်းလင်းမှုဖြစ်စဉ်ပေါ်လွင်စေခဲ့သလို ဒီ X2O ဗုံးခွဲမှုဟာ နိုင်ငံရေးနဲ့ အများကြီးသက်ဆိုင်နေတယ်လို့လည်း အဲဒီအချိန်က သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက VOA ကို ပြောခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ နိုင်ငံရေးအပြောင်းအလဲနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှာ ပြန်လွတ်လာခဲ့သလို NLD ပါတီကလည်း တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ် ရောက်လာပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုမဖြစ်ခဲ့တာက ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမဖြစ်ခင် ဆယ်စုနှစ် တစ်စုကျော်အထိ အေးချမ်းလာခဲ့ပါတယ်။ ကပ်သတ်ပြောရမယ်ဆိုရင်တော့ Trader ဟိုတယ်နဲ့ ဦးဝီရသူတရားပွဲအနီးမှာ နှစ်ကြိမ်လောက်တော့ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အဲဒီဖြစ်စဉ်နှစ်ခုက နိုင်ငံရေးရည်ရွယ်ချက်ထက် ဘာသာရေးရည်ရွယ်ချက်ပါတယ်လို့ ယူဆရမဲ့ ဖြစ်စဉ်တွေပါ။

၂။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဖြစ်စဉ်ဟာ ဖေဖော်ဝါရီအကုန် မတ်လထဲမှာ အရှိန်မြင့်လာပြီး ဧပြီမှာ ထိန်းမရသိမ်းမရဖြစ်ကုန်လို့ လက်နက်ကိုင်ဖို့ အားယူစအချိန်ဖြစ်တာကြောင့် ၂၀၂၁ ခုနှစ် မည်ကာမတ္တသင်္ကြန်ဟာ ဘာတစ်ခုမှ မဖြစ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ ကျင်းပတဲ့ SAC ရဲ့ ပထမဆုံး သင်္ကြန်မှာတော့ သင်္ကြန်လေးရက်အတွင်းမှာ ရန်ကုန်တစ်မြို့တည်းတင် ဗုံး ၂၅ ကြိမ်ပေါက်ခဲ့တယ်လို့ RFA သတင်းဌာနက ရေးသားခဲ့ပါတယ်။

ထိခိုက်မှုတွေကတော့ တရားဝင်ထုတ်ပြန်မှုမရှိတာကြောင့် မသိခဲ့ရပေမဲ့ ရန်ကုန်မြို့လယ်ဗဟိုမဏ္ဍပ်အနားကို ဗုံးခွဲခဲ့တာက Dark Shadow UG အဖွဲ့ဖြစ်တယ်လို့ သတင်းရေးသားခဲ့ကြပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နဲ့ မအူပင်မြို့တွေက ဗဟိုမဏ္ဍပ်တွေနဲ့ တခြားသောမြို့နယ်တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ တွံတေးမြို့နယ်မှာလည်း ဧပြီလ ၁၅ ရက်နေ့ ညပိုင်း ၇ နာရီ ၄၅ မိနစ်အချိန်မှာ PDF Twantay–Ranger က ဖောက်ခွဲတိုက်ခိုက်ခဲ့သလို ဧပြီလ ၁၆ ရက်နေ့ မနက် ၇ နာရီ ၃၉ မိနစ်အချိန်မှာလည်း ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံမြို့၊ စည်ပင်သာယာရုံး၊ ဗဟိုသင်္ကြန်မဏ္ဍပ်နားက အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရွှေရတုဧည့်ရိပ်သာနဲ့ တရားရုံးကြားမှာလည်း ဖျာပုံခရိုင်ဧရာဗေဒါတပ်ဖွဲ့နဲ့ The Sacrifice Defence Of Pyapon တပ်ဖွဲ့က ပူးပေါင်းဗုံးခွဲခဲ့ကြပါသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမှာပါ။ လက်ရှိအချိန် နိုင်ငံရေးအခင်းအကျင်းဟာလည်း ၂၀၁၀ ပြည့်နှစ်တုန်းကလိုပါပဲ။ SAC ဟာ ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်းနေပြီး NLD ပါတီကတော့ ပြန်လည်မှတ်ပုံမတင်မှုနဲ့ အလိုအလျောက် တရားဝင်ပါတီအဖြစ်က ပျက်ပြယ်သွားလို့ မြေပေါ်နိုင်ငံရေးလောကမှာ မရှိတော့ချိန်မှာ NLD ကနေ အသွင်ပြောင်းပြီး မြေအောက်နိုင်ငံရေးကို ကူးပြောင်းသွားသလို လက်နက်ကိုင်အဝေးရောက်အစိုးရအဖွဲ့ဖြစ်လာတဲ့ NUG ဟာ PDF၊ ပကဖ တပ်တွေ ဖွဲ့စည်းပြီးတော့ နေရာအနှံ့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်နေချိန်ပါ။ တော်လှန်ရေးကို အားမပေးတဲ့ သံဃာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေနဲ့ USDP ပါတီဝင်အပါအဝင် တခြားပါတီဝင်တွေကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်ပေးတဲ့သူ”ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လိုက်လံသတ်ဖြတ်နေတာ အခုဆိုရင် ပြည်သူ ၅၆၀၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ SAC က ပြောထားသလို NUG ယာယီသမ္မတ ဒူဝါလရှီးလကိုယ်တိုင်ကလည်း ၂၀၂၂ ဒီဇင်ဘာလအတွင်း Reuters Next ကို သူတို့အဖွဲ့က SAC ရဲ့ လူတွေကိုသတ်ထားတာ ၂၅၀၀၀ ကျော်ပြီလို့ ဝန်ခံခဲ့ပါတယ်။ ဒီပမာဏဟာ SAC ကြောင့် သေဆုံးရတယ်ဆိုတဲ့ လူပမာဏထက် ဆယ်ဆကျော်များနေပါတယ်။

NLD ပါတီဝင်တချို့ဟာ မြေအောက်နိုင်ငံရေးလုပ်နေပြီး သူကဆင်းသက်လာတဲ့ NUG က SAC ရဲ့ PR ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်ဖို့ Mission တွေ ချမှတ်ထားသလို ၂၀၂၃ ခုနှစ်ကိုလည်း အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်လို့ ကြွေးကြော်ထားပြန်ပါသေးတယ်။ ဒီလိုမျိုး NUG ရဲ့ ကြွေးကြော်မှုတွေကို အောင်မြင်အောင် အကောင်အထည်ဖော်ပေးနေတာကတော့ NUG လက်အောက်ခံ MOD က ဖွဲ့စည်းထားတဲ့ PDF တွေ၊ ပကဖတွေ၊ မြို့ပြ UG တွေပါပဲ။

သမိုင်းဟာ တကျော့ပြန်လည်လာချိန်မှာ စိုးရိမ်စရာဖြစ်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ SAC ရဲ့ ဝန်ကြီးဌာနဘက်ကလည်း မြန်မာ့သင်္ကြန်ကို ထိုင်းဆွန်ခရန်ပွဲတော်လို UNESCO မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်ပြနိုင်ဖို့ စည်စည်ကားကားလုပ်နိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။

ဒီလိုအခြေအနေမှာ PDF တွေဘက်ကလည်း ဒီမဏ္ဍပ်တွေကို ပြည်သူတွေမသွားဖို့၊ SAC ရဲ့ လခရတွေ၊ ပတ်သက်ဆက်နွှယ်သူတွေကြားမနေဖို့နဲ့ နေမိလို့ ထိခိုက်ရင် တာဝန်ယူမှာမဟုတ်ကြောင်း စာထုတ်လာ ခြိမ်းခြောက်လာကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်(၂၀၂၃)မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရှော့ခ်တိုက်ဒုံးခုနစ်လုံးနဲ့ ပစ်ခတ်ခဲ့တဲ့ မြို့ပြတော်လှန်ရေးအဖွဲ့ BWM၊ Liberty Thunder နဲ့ Anonymous Mission Team Alpha မြို့ပြ UG PDF တွေက တပ်တွင်းမဏ္ဍပ်တွေကို ပစ်ခတ်တိုက်ခိုက်မယ်လို့ စာထုတ်ခဲ့သလို NUG ဩဇာခံ နတ္တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဒီနှစ်သင်္ကြန်ကို “လူသ-တ်သင်္ကြန်”လို့ သတ်မှတ်ပြီး လခရတွေအနားနဲ့၊ သင်္ကြန်ပျော်ပွဲရွှင်ပွဲတွေဆီ မသွားဖို့နဲ့ ရန်သူနဲ့အတူရှိနေသူအကုန်လုံးက ရန်သူမို့လို့ သူတို့က အခွင့်အရေးရတိုင်း တိုက်ခိုက်နေမှာလို့ သင်္ကြန်ပျော်မဲ့သူတွေကို သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုမျိုး ခြိမ်းခြောက်တဲ့ ထုတ်ပြန်ချက်တွေဟာ သင်္ကြန်ဆိုတဲ့ အသံကြားရင်ကို ဘယ်လိုမှ မနေနိုင်တဲ့ သာမန်လူတန်းစားတွေ၊ အခြေခံပြည်သူတွေအတွက်တော့ တကယ့်ငရဲပါပဲ။

၃။

၂၀၂၂ ခုနှစ်မှာ လုပ်ခဲ့တဲ့ SAC ရဲ့ ပထမဆုံး သင်္ကြန်ဟာ မစည်ကားခဲ့သလို ဗုံးပေါက်ကွဲမှာ ကြောက်နေတဲ့ ပြည်သူတွေကလည်း ပါဝင်မှုနည်းခဲ့ပါတယ်။ ပုဂ္ဂလိကမဏ္ဍပ်တွေ မရှိသလို ရေစိုပြန်လာရင်ကို ဒလန်လို့ထင်မြင် စောင်းမြောင်းသူတွေကြောင့်လည်း ရေကစားပွဲတော်မှာ ပါဝင်မှုလျော့ကျခဲ့တာကြောင့် သင်္ကြန်အမီပြုပြီး စီးပွားရှာသူတွေလည်း နည်းပါးခဲ့တာကို တွေ့ရပါတယ်။ ဒီနှစ်သင်္ကြန်ကတော့ မနှစ်ကနဲ့ ပြောင်းပြန်ဖြစ်တဲ့အပြင် ပုံစံပါပြောင်းလဲသွားတာကို တွေ့မြင်ရပါတယ်။

ဒီနှစ်သင်္ကြန်ကာလမှာ ကမ်းခြေတွေမှန်သမျှ ဟိုတယ်တွေ တည်းခိုခန်းတွေပါမကျန် အိမ်မှာအခန်းကန့်ငှားသူတွေပါ ပြည့်နေသလို တစ်ဖက်မှာလည်း ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ လုပ်ငန်းရှင်တွေက သူတို့ရဲ့ Private နေရာတွေမှာ ကျင်းပတဲ့ Staycation Festival တွေ၊ Private Festival တွေကို ပေါ်ပေါ်ထင်ထင် ကျင်းပလာတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဟိုတယ်တွေရဲ့ Staycation Festival ထဲက ဦးဇော်ဇော်ရဲ့ Novotel ဟိုတယ်ဆိုရင် တစ်ညကို ၈၅ ဒေါ်လာပါ။ ဒါဟာ တစ်ရက်ကို မြန်မာငွေနှစ်သိန်းခွဲလောက်ကျပါတယ်။ Chatrium ဟိုတယ်ရဲ့ 𝑪𝒉𝒂𝒕𝒓𝒊𝒖𝒎 𝑺𝒑𝒍𝒂𝒔𝒉 𝑻𝒉𝒊𝒏𝒈𝒚𝒂𝒏 𝑺𝒕𝒂𝒚𝒄𝒂𝒕𝒊𝒐𝒏 မှာဆို Pool Garden ထဲမှာ အကြိုနေ့ နေ့လည်ပိုင်းကစလို့ အတက်နေ့ညအထိ Live Music band၊ DJ၊ Games၊ Lucky Draws၊ အုန်းလက်ရေပက်မဏ္ဍပ်၊ ကမ်းခြေစတိုင်ရေကူးကန်၊ ရေပန်းတွေအောက်က Dancing Floor၊ ဘောလုံးကန်၊ အကင် Station၊ သကြင်္န်မုန့်ဆိုင်၊ ဘီယာ Station နဲ့ Eternal Bar စတာတွေ ပါဝင်မှာဖြစ်ပြီး သူကတော့ တစ်ညကို ၁၂၉ ဒေါ်လာကနေ ၂၅၉ ဒေါ်လာအထိ ကျသင့်မှာဖြစ်လို့ သူ့ဆီမှာနေမယ်ဆိုရင် တစ်ညကို ၃၅၀၀၀၀ လောက်ကနေ ၇ သိန်းလောက်အကြား သုံးစွဲရမှာပါ။

အလားတူပါပဲ။ ကမ်းခြေတွေမှာဆိုလည်း တည်းခိုခန်းခတွေ တစ်ညကို ၁၅၀၀၀၀ ပတ်ခြာလည်ဖြစ်နေပြီး ဟိုတယ်အသေးတွေရဲ့ Private Festival တွေက အနိမ့်ဆုံး ၅၀၀၀၀ ကနေ စတင်ပါတယ်။ မြိတ်ကျွန်းစုလို နေရာမျိုးမှာဆိုရင် လေးရက်ခရီးကို အနည်းဆုံး ၁၂ သိန်းလောက်သုံးရမှာပါ။ ကမ္ဘာကျော် DJ တွေခေါပြီး ဖျော်ဖြေပွဲလုပ်မဲ့ Hexagon Complex ရဲ့ Outdoor Area မှာ ကျင်းပမဲ့ Water System အပြည့်နဲ့ ပြုလုပ်ထားတဲ့ “Myanmar Thingyan Music Festival” က တစ်ယောက်ကို ၆၀၀၀၀ ကနေ ၁၂၀၀၀၀ ကြားမှာရှိပါတယ်။ ပြောချင်တာက ဒီလိုမျိုး အထက်တန်းလွှာတွေပျော်ကြတဲ့ သကြင်္န်ပွဲတော်တွေဟာ အခြေခံလူတန်းစားတွေ မကပ်နိုင်သလို NUG ရဲ့ PDF တွေကလည်း သူတို့ကပ်လို့မရတဲ့ ငွေသုံးနိုင်သူတွေရဲ့ သကြင်္န်ပွဲကို ဖျက်လိုဖျက်ဆီး ခြိမ်းခြောက်မှုတောင် လုပ်နိုင်တာကို မတွေ့ရပါဘူး။

ဒီအချိန်မှာ PDF တွေနဲ့ NUG ထောက်ခံသူတွေဟာ သူတို့မဝေဖန်ရဲတဲ့၊ မတိုက်ခိုက်ရဲတဲ့ အထက်တန်းလွှာတွေရဲ့ Private Festival တွေကို အနားတောင် မသီနိုင်ချိန်မှာ သူတို့ခြိမ်းခြောက်တိုက်ခိုက်နေတာတွေကတော့ SAC က ပြုလုပ်မဲ့ လူအများပျော်ကြတဲ့ သကြင်္န်မဏ္ဍပ်တွေမှာ သွားရောက်ပျော်ပါးမဲ့ အခြေခံလူတန်းစားတွေကိုပဲ မပျော်ဖို့၊ ပျော်ရင်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တာမျိုးပဲ လုပ်နေကြတာကြောင့် NUG၊ PDF တွေရဲ့ သကြင်္န်မပျော်ရရေး တိုက်ခိုက်မှုကြားနဲ့ SAC ရဲ့ သကြင်္န်စည်ကားအောင် လုပ်ဆောင်နေတဲ့ကြားမှာ ပစ်မှတ်ထားခြိမ်းခြောက်ခံရတာက အခြေခံလူတန်းစားတွေပဲ ဖြစ်လာပါတယ်။

ကားနဲ့တောင် လျှောက်မလည်နိုင်လို့ အရက်ကြမ်းလေး ၃၀၀၀ ဖိုးလောက်သောက်ပြီး မဏ္ဍပ်တစ်ခုအောက်မှာ အခြေချ တစ်နှစ်တာပင်ပန်းခဲ့သမျှ အတာရေအောက်မှာ ပျော်ပျော်ကြီးကချင်နေတဲ့ အခြေခံလူတန်းစားတွေ X2O လို ဖြစ်ရပ်ဆိုးမျိုး ထပ်မကြုံပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ ……။

Leave a Reply

Your email address will not be published. Required fields are marked *