ထိုင်းနိုင်ငံ၊ ပတ်တရားမြို့ talad Amon Nakhon ဈေး အတွင်း ဥပဒေနှင့်မညီ တရားမဝင်ရွှေ့ ပြောင်း နေထိုင်လုပ်ကိုင်သူများကို ရဲတပ်ဖွဲ့က ဧပြီလ ၅ ရက် နံနက်တွင် ရှာဖွေခေါ်ဆောင်လာစဉ်
၅. ၄. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ထိုင်းရဲတပ်ဖွဲ့က မြို့၏အကြီးမားဆုံး ကုန်စိမ်းဈေးကြီးဖြစ်သော Talad Amon Nakhon ဈေးအတွင်း ဧပြီလ ၅ ရက် နံနက်က ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ရာ ဥပဒေနှင့်မညီသော တရားမဝင်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူ ခုနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။
Bang Lamung ခရိုင်အတွင်းရှိ အဆိုပါဈေးကို ဧပြီလ ၅ ရက် နံနက် ၆ နာရီတွင် ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးအတွင်းဆိုင်များ၌ လုပ်ကိုင်နေကြသော တရားမဝင်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများကိုဖမ်းဆီးရန် ဝင်ရောက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က ဈေးအတွင်းရှိဆိုင်များကို ဝင်ရောက်ရှာဖွေခဲ့ကြရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တရားမဝင်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများက ဖမ်းဆီးမခံရစေရန် ထွက်ပြေးခဲ့ကြကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့က ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူ ၃၀ ကို ဝိုင်းပတ်ဖမ်းမိခဲ့သည်။ သို့သော် ၂၃ ဦးမှာ တရားဝင်အလုပ်ပါမစ်များနှင့် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ကျန်ခုနှစ်ဦးမှာမူ အလုပ်ပါမစ်(သို့မဟုတ်)ခရီးသွားပါမစ်များ မပါရှိကြကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ အဆိုပါ ဥပဒေနှင့်မညီ တရားမဝင်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူ ခုနှစ်ဦးကို Bang Lamung ခရိုင် ရဲတပ်ဖွဲ့က ရဲစခန်းသို့ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဥပဒေလမ်းကြောင်းအတိုင်း အရေးယူဆောင်ရွက်ပြီးနောက် ပြည်နှင်မှုပြုမည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။
Ref—— Bangkok Post
