MT News

Written By Thandar

သုံးနှစ်စာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲ ရွှေကြိုမောင်မယ် ၃၂ ဦး အတည်ပြုရွေးချယ်ပွဲကို ဧပြီ ၂ ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ခံထားရတဲ့ ရွှေကြိုမောင်မယ် ၈ ဦးက မကြာခင်ပြုလုပ်မယ့် အကယ်ဒမီရွေးချယ်ပွဲမှာ ရွှေကြိုမောင်မယ်အဖြစ်နဲ့ ပြန်လည်ပါ၀င်ဆောင်ရွက်မှာဖြစ်ပြီး လက်ရှိ ရွေးချယ်ပွဲကတစ်ဆင့် ၂၀၁၉၊ ၂၀၂၀ နဲ့ ၂၀၂၂ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုမောင်မယ် ၃၂ ဦးကို စိစစ်ရွေးချယ်မှာဖြစ်ပါတယ်။ ဒါကြောင့် သုံးနှစ်စာအကယ်ဒမီပေးပွဲမှာ ရွှေကြိုမောင်မယ် ၄၀ ပါဝင်လာမှာဖြစ်ပါတယ်။

“ရွှေကြိုကနေ များသောအားဖြင့် သရုပ်ဆောင်ဖြစ်သွားကြတာများတယ်။ ပထမဆုံး ဗန်းကိုင်ခေတ်ကတည်းက မင်းသမီးဖြစ်သွားတဲ့သူတွေ အများကြီးရှိတယ်။ ဒီဘက်ပိုင်းတွေမှာလည်း အဲဒီလိုမျိုးဖြစ်သွားတဲ့ သူတွေချည်းပါပဲ။ ၂၀၁၉ ခုနှစ်အတွက် ရွေးထားတဲ့ ရွှေကြိုထဲမှာဆိုရင် တချို့ မင်းသမီးတွေဖြစ်ပြီး ပြန်ပြီး မလာနိုင်တော့တဲ့သူတွေတောင် ရှိတယ်။ ဒီမှာလည်း ရွှေကြို၀င်ပြိုင်တဲ့သူတွေက သရုပ်ဆောင်တွေလည်း ရှိတယ်။ အခု ရွေးနေတဲ့အချိန်မှာပဲ တကယ်လို့ ရွှေကြိုထဲမှာမပါဘဲ အပယ်ခံရတဲ့သူတွေထဲမှာ သဘောကျတဲ့သူတွေရှိရင် ရိုက်မယ်လို့ လာပြောတာတွေ ရှိတယ်။ အခုလည်း သူတို့တွေက ထိုင်ကြည့်နေကြတာတွေရှိတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ(၁)ဦးအေးကြူလေးက ပြောပါတယ်။

၂၀၁၉ ၊ ၂ဝ၂ဝ နဲ့ ၂၀၂၂ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ပဏာမအဆင့် ရွှေကြိုမောင်မယ် ဦးရေ ၁၈၀ ကျော်ထဲက ဒုတိယအဆင့်အနေနဲ့ ရွှေကြိုမောင်မယ် ၆၃ ဦးကို ရွေးချယ်ခဲ့ပြီး ဒီနေ့မှာ ၃၂ ဦးကို ထပ်မံစိစစ်ရွေးချယ်ခဲ့ပါတယ်။ သုံးနှစ်စာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် အတည်ပြု ရွေးချယ်ခံရ‌တဲ့ ရွှေကြိုမောင်မယ်‌ ၃၂ ဦးကို လာမဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *