MT News

Written By Thandar

အသက် ၁၅ နှစ်အရွယ် ပန်းချီ ဇွဲလှိုင်မြင့်ရဲ့ Solo Art Exhibition ပန်းချီပွဲ ဖွင့်ပွဲနေ့မှာပဲ ပန်းချီကား ၅ ကား စတင်ရောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပန်းချီပြပွဲကို ဧပြီ ၂ ရက်ကနေ ဧပြီ ၄ ရက်နေ့အထိ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရွှေပြည်အေးကွန်ဒိုရှိ New Vision Art & Design Institute မှာ ခင်းကျင်းပသွားမှာပဲဖြစ်ပါတယ်။

“ကျွန်တော်က လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပထမဆုံးပြသတာ‌ပါ။ ကိုယ့်ပန်းချီကားတွေ အခုလို ရောင်းထွက်သွားတယ်ဆိုတော့ ပျော်ပါတယ်။ တကယ်တော့ ရောင်းရလိမ့်မယ်လို့ မထင်ဘူး။ အခုလို ရောင်းရတော့ ပျော်ရွှင်ရတာပေါ့။ ကျွန်တော် ပန်းချီဆွဲချိန် အခက်အခဲကတော့ ဘာဆွဲရမလဲစဉ်းစားတဲ့ အချိန်ပါ။ တကယ် ရေးဆွဲလိုက်တော့ အခက်အခဲမရှိပါတော့ဘူး”လို့ ပန်းချီ ဇွဲလှိုင်မြင့်က MT News ကို ပြောပါတယ်။

အဆိုပါ သင်တန်းကျောင်းမှာ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ပန်းချီကို ဝါသနာပါတဲ့အတွက် သင်ယူလေ့လာခဲ့တယ်လို့ သိရပါတယ်။ အခရိုင်းလစ်နဲ့ ရေးဆွဲထားတဲ့ သဘာ၀ကျ ပန်းပွင့်တွေ၊ သစ်သီးပုံတွေ၊ ကျေးလက်ဒေသ၊ ဘုရားပုံ စတဲ့ သဘာဝရှုခင်းတွေကို ရေးဆွဲဖန်တီးရတာ သဘောကျတယ်လို့ သိရပါတယ် ။

ဒီပြပွဲမှာ ဇွဲလှိုင်မြင့်ရဲ့ ပန်းချီကားပေါင်း ၂၀ ကို ခင်းကျင်းထားပြီး တန်ဖိုးကျပ် ၅ သောင်းကနေ ကျပ် ၂ သိန်းအထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *